Monday, 2 April 2012

ရွှေအသစ် ခရီးသည်

အခုတစ်လော အာရုံကို စိုးမိုးလေသည့် အကြောင်းအရာက “စာရေးခြင်း အနုပညာ” ဖြစ်နေပါသည်။
မဂ္ဂဇင်းများတွင် ဖွင့်လှစ်ထားရှိသော အသစ်/ ၀ါသနာရှင်များ အတွက် ပြန်ကြားချက် အချို့ကို ဖတ်ရလေတိုင်း အားမလို၊ အားမရ ဖြစ်မိရပြီး ၀ါသနာရှင်နှင့် တကွ အယ်ဒီတာတို့၏ အချိန်များကိုပါ နှမြောတသ ဖြစ်မိရပါသည်။ ထိုအကြောင်းအရာက ပင်လျှင် ဤဆောင်းပါး ရေးရန် တွန်းအား ပေးနေ ပါသဖြင့် ဝေငှလိုသော စေတနာ၊ ကိုယ်ချင်းစာ စိတ်ဇောများဖြင့် စတင် ရေးသား မိပါတော့သည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ရွှေနှလုံးသား ကဏ္ဍတွင် ဖော်ပြပါရှိသော ချစ်ခြင်း ဆေးရောင်စုံ ဆိုသော ၀တ္ထုကလေးဖြင့် စာပေ လောကထဲသို့ ၀င်ရောက်ခဲ့ရာ ယခု ဖေဖော်ဝါရီ ဆိုလျှင် ရှစ်နှစ်ပြည့်ခါ နီးပေပြီ။ ဆိုရပါလျှင် လည်ပြန် ငဲ့စောင်း ကြည့်မိလေသော အသစ်ခရီးကို “အသစ်များ၏ စီနီယာ” တစ်ယောက် အနေဖြင့် ဝေမျှ လိုခြင်းသာ ဖြစ်ပါသည်။

စာဖတ်သူ ဘ၀ စာဖတ်ခြင်း ၀ါသနာ၏ ကျေးဇူးရင်းမြစ်က “ကျောင်းစာကြည့်တိုက်” ဖြစ်ပါသည်။ မူလတန်း ကျောင်းသူဘ၀ ကျောင်းစာကြည့်တိုက်မှ ငှားရမ်း ကြည့်ရှုခွင့် ရသော မိုးသောက်ပန်း၊ရွှေသွေး၊ တေဇတို့နှင့် စတင် ခဲ့လေသော စာဖတ်ခြင်း အမှုသည် ကျွန်မ အဖေ၏ စာအုပ်စင်မှ တစ်အုပ်တည်းသော ရသစာအုပ် သခင်ဘသောင်း၏ ပန်းသာ မစာဥကို အစွဲကြီးစွဲကာ ဆက်လက် ရှင်သန် လာခဲ့ရပါသည်။ ကလေးသဘာဝ ကစားဖော်တွေနှင့် ဆော့လိုက်၊ အဖော်မရှိချိန်စာဖတ်လိုက်၊ ရှေ့မှဖတ်လိုက်၊ နောက်ကို ကျော် ဖတ်လိုက်၊ နားမလည်လျှင် ရှေ့ပြန် ဖတ်လိုက်နှင့်ပင် တစ်အုပ်လုံး ဖတ်ပြီး ချိန်မှာ မှတ်မှတ်ရရ သုံးတန်းနှစ်။ နောက်တော့ ကျောင်းဆရာမ အမေ၏ ကျေးဇူးဖြင့် စန္ဒာ၊ သွေးသောက်၊ သင့် ဘ၀၊ သိပံ္ပတို့ကို ဖတ်ဖြစ်ပါသည်။ မူလ တန်းမှ စတင်ကာ အလယ်တန်းကို လွန်မြောက်ပြီး အထက်တန်းသို့ ရောက်သည့် တိုင်အောင် စာဖတ်ခြင်းမှ တစ်ပါးတခြား ၀ါသနာဟူ၍ မည်မည်ရရ မရှိခဲ့ချေ။

၁၀ တန်း အောင်ပြီးသော် ကျွန်မ ပတ်ဝန်းကျင်က အရောင်ပို စုံလာခဲ့ချေ ပြီ။ အပျော်ဖတ် ၀တ္ထုများမှသည် ဂျာနယ်ကျော်ဦးချစ်မောင်၊ ဂျာနယ်ကျော် မမလေး၊ ဒဂုန်တာရာ၊ ကြည်အေး၊ နတ် နွယ်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ခင်နှင်းယု၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ နုနုရည်(အင်းဝ)၊ လီယိုတော်စတွိုင်း၊ ဂျွန်စတိန်းဘတ်၊ ပါးလ်အက်စ်ဘက်... နှင့် အခြား စာရေးဆရာကြီးများ။ အများ ကြီးပါပင်။ ရေး၍ ကုန်အံ့မထင်။ စာဖတ်သူတိုင်း တရှိုတ်မက်မက်ဖတ်ကြ သည့် စာအုပ်များကို တမက်တမော ရှာဖွေ ဖတ်ရှုတတ်လေပြီ။

ထိုသောအခါ မက်မောဖွယ် ကမ္ဘာသစ်သို့ ရောက်ခဲ့ပါ၏။ စာများတွင် သတ္တိကိုမြင်ရသည်။ ရဲရင့်ခြင်းကို ကြား ရသည်။ ကြင်နာ ယုယဖွယ်သော မေတ္တာ တရားတို့ကို ရင်ငွေ့လှုံရသည်။ နောက်တော့ နာကြည်းခြင်း၊ မုန်းတီးခြင်း၊ စက်ဆုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မျက် မာန်ဒေါသတို့နှင့် ရင်ဆိုင်ရလေပြီ။ သို့နှင့်ပင် စာများ၏ဆွဲဆောင်ရာသို့ လိုက် ပါကာ ဘ၀ကပြောင်မြောက်လှပလာခဲ့ ပါသည်။

စာ စရေးခြင်း
ဘ၀ကို ပြန်တွေးလျှင် တက္ကသိုလ် ကျောင်းသူဘ၀က စာအဖတ်နိုင်ဆုံး၊ ဘာတာဝန်မှ မရှိလေသည့် ပျော်မောဖွယ် ဘ၀မှာ စာအုပ်များသာ မကတော့ စာချစ်သူ သူငယ်ချင်းများနှင့် အသိ၊ အမြင်ချင်း ဖလှယ်ကြသည်က စိတ်လှုပ်ရှားဖွယ်ရာ အတိပင်။ တောင်ကြီး တက္ကသိုလ်၏ “ဒိုး” ဆိုသော လက်ဖက် ရည်ဆိုင်မှာ၊ မြို့ထဲက “လောကနတ်” မှာ၊ နောက် “ငွေတောင်” မှာ၊ လက်ဖက် ရည်ကျဆိမ့်သောက်ကာ စာကြောင်းပေကြောင်း ပြောရသည်ကို စိတ်ကြီးဝင် တတ်ကြပြီ။ သူတို့ပြောလို့ ကိုယ်မဖတ် ဖူးသေးလျှင် ကိုယ်က လူညံ့ပင်တည်း။ ကြည်အေး၏ ၀ါကျရှည်ကြီးများကို တမက်တမော ရွတ်ဆိုကြရင်း၊ ဇာတ် ကောင်တို့၏ စကားများစွာမှာ တိမ်းမူး မျောပါရင်း နေ့ရက်တို့ ရင့်ခဲ့ကြပြီ။

ကျွန်မတို့ ၀ါသနာတူ သူငယ်ချင်း တစ်စု ကဗျာစာအုပ်ထုတ်ကြသည်။ ထို စဉ်က ခေတ်စားလေသည့် ကယ်ရီ ကေးချားပုံတွေနှင့်။ မိုးသောက်ယံ၊ ဧသ၊ သြဒါတ၊ ဆူး၊ မောင်ဆေ၀်နှင့် ၀င်းလဲ့ ညို။ ၁၉၉၅ ခုနှစ်။ စိတ်တူကိုယ်တူ ကျွန်မတို့ သူငယ်ချင်း ခြောက်ယောက် သက်တမ်း ရှည်ကြာခဲ့သည်မှာ ထိုမှ သည် ယနေ့တိုင်ပင်။ ထိုစဉ်က သောင်း ပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ဟာသ၀တ္ထုတိုပြိုင်ပွဲကျင်းပလေရာ လက်တည့်စမ်းပြီး လွှတ်လိုက်သည့် မြားက ပစ်မှတ်သို့ တည့်တည့်စိုက် ပါ၏။ ၁၉၉၆ ဖေဖော်ဝါရီလထုတ်တွင် “ညို” ဟူသော ကလောင်ဖြင့် “နောက် တိုးသစ္စာ” ဆိုသော ၀တ္ထုလေးပါလာ ခဲ့ဖူးသည်။ နောက်တော့ တစ်ခါမှ မတစ်ခါဖြစ်တော့။

ကျောင်းပြီးလေတော့ အုပ်စုကွဲ ကာ ကျွန်မက မန္တလေးသို့ရောက်ခဲ့ပါ သည်။ စီးပွားရေးလောကတွင် ကြုံရ ဆုံရသည်များက စာတစ်တန် ပေတစ်ဖွဲ့ ဖြစ်ကာ စာမျက်နှာထက် ချရေးဖြစ်ခဲ့ ပြီ။ ၀တ္ထုတိုတစ်ပုဒ် ရေးသားရာတွင် လက်ရှိဖြစ်ပျက်နေသောအကြောင်းခြင်း ရာတို့၏ အသိဖြန့်ကြက်နိုင်မှု၊ အာရုံနှိုးဆွ မှုနှင့် ခံစားချက်ပြင်းထန်အားကောင်းမှု တို့က အဓိကမောင်းနှင်အားဟု ယူဆ ပါသည်။ ဤသို့ဖြင့် ဒုဋ္ဌ၀တီမြစ် အတွင်း သောင်ခုံများပေါ်မှ တံငါသည် များကို မြင်ကာ “တံငါတဲ” ဟူသော ကဗျာတစ်ပုဒ် ချရေးဖြစ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်အတွင်း “နေရာ” နှင့် “နံရံ တစ်ချပ်ခြား” အပါအ၀င် ၀တ္ထုတို တော်တော်များများ ရေးဖြစ်ခဲ့ပြီး ထိုနှစ်များ တွင် နာမည်ကြီး မဂ္ဂဇင်းတစ်စောင်သို့ ၀တ္ထုတစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ပေးပို့ ခဲ့ရာ ရောက်မရောက်ပင် မသိခဲ့ရ။

သုံးခါမြောက် “နောက်တစ်ခါ ပြန် ဆက်ပါဦး ရှာထားလိုက်ပါ့မယ်”  ဆို သော စကားကို ကြောက်ရွံ့ထိတ်လန့် သည်းမခံနိုင်စွာ မဂ္ဂဇင်းများသို့ လုံးဝ လုံးဝ မပို့ဖြစ်တော့။ သို့သော်လည်း စာရေးချင်သည့်ဝါသနာပိုးက ရင်နှလုံးသို့ စီးနင်း ၀င်ရောက်ခဲ့ပြီး ဖြစ်လေသော အခါ အလျဉ်းသင့်သလို ရေးမိပြန်ပါ သည်။ ရေးလိုက်သိမ်းလိုက်ပင်။

သို့ဖြစ်လေရာ ကျွန်မနေထိုင်သွား လေရာ ခရီးတစ်လျှောက် သက်ရှိ၊ သက်မဲ့များ၏ အမှုအခင်းတို့ကို လေ့ လာရှုမြင်ရင်း အခင်းအကျင်းဖြင့် သိုင်း ၀ိုင်းလေလျှင် စာအပိုင်းအစတို့ ရှည် လျားလာကာ ထူထဲသော မှတ်တမ်း မှတ်ရာဖြစ်ခဲ့လေပြီ။

မက်မောဖွယ် “အဖြူရောင်” ဘဝ
သို့နှင့်ပင် စိတ်မအား၊ လူမနား အလုပ်ထဲတွင် နစ်နေသည့်ကျွန်မ သားကြီးကိုယ်ဝန် ဆောင်ရပြီဆိုလေတော့ အလိုလို နေရင်း ငြိမ်းရပြီ။ ထိုသည်ရက် များမှာ ရွှေအမြုတေ မဂ္ဂဇင်းကို အဆက် မပြတ် ဖတ်ဖြစ်လေရာမှ ၀တ္ထုတို တစ်ပုဒ် ပို့ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ဟု သေသေချာချာ မှတ်မိနေပါသည်။ ကလောင် နာမည်ကိုလည်း ရှုပ်ထွေးလှ သည့် လူမှုစီးပွားဘ၀အတွင်းညိုခြင်း၊ မည်းခြင်း၊ မှောင်ခြင်း အရောင်ခြယ် လျက် သင့်သလို ရုန်းနေရသည့်ဘ၀ ဖြစ်လေရာ စက်ဆုပ်ရသည့် ကျင်လည် ရာဘ၀အတွင်း တစ်ခုတည်းသော ဖြူစင်ခြင်း အလင်းရောင်ဟု မှတ်ယူကာ “အဖြူရောင်” ဟု ရွေးချယ်ခဲ့ပါသည်။

ဟိုယခင်ကြုံဖူးလေသည့်အတွေ့ အကြုံက ခေါင်းထဲမှမထွက်လေတော့ ယခုပို့လိုက်သည့် ချစ်ခြင်းဆေးရောင်စုံ ဆိုသော ၀တ္ထုလေးကိုလည်း ပေးပေးပြီး ပြီးသာ သဘောထားခဲ့ပါသည်။ ကျွန်မ စိတ်က ဘယ်လောက်တောင် မျှော်မှန်း ချက်နည်းခဲ့လေသလဲ။ စာအုပ်ဆိုင်က ငှားလာသည့်စာအုပ်မှာ ကိုယ့်နာမည်ရှာ ရကောင်းမှန်းပင် မသိခဲ့။ ဟိုးအရင်စိတ် အခံနှင့် မယုံကြည်စိတ်တွေက ပြည့်သိပ် နေလေတော့ တကယ့်ကိုပေးပေးပြီးပြီး ပါပင်။ စာအုပ်ကို ဟို ဒီလျှောက်လှန် ဖတ်နေရင်းမှ ၀တ္ထုအဆုံးသတ်ကလေး ကိုမြင်ကာ စိတ်ထဲမှာ “ဒါ ငါရေးဖူး တယ်နဲ့ တူတယ်” ဟု သင်္ကာမကင်း၍ ရှေ့စာမျက်နှာကိုလှန်လှောလေခါမှ “အဖြူရောင်”တဲ့။ ၂၀၀၄ ခုနှစ်၊ ဖေဖော် ၀ါရီလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေနှလုံးသားကဏ္ဍတွင်ပါလာသည်ကို ဖတ်ရှုရလေရာ တကယ့်ကို မြေနှင့်ခြေ မထိ။ ၀မ်းသာလိုက်သည်က အတိုင်း ထက်အလွန်။ အဲသည်တုန်းက ရှမ်းပြည် နယ် အရှေ့ပိုင်းက လင်းခေးမြို့တွင် အလုပ် တာဝန်ဖြင့် ရောက်နေချိန်။

ထိုမှ စတင်ခဲ့သော တက်ကြွမှုများ က စားလည်းသည်စိတ်၊ အိပ်လည်း သည်စိတ်။ အရင်က ခြောက်ကပ်သော လုပ်ငန်းခွင်က စိတ်ကူးယဉ်မှုတို့နှင့် စိုပြည် လန်းဆန်းလာခဲ့ပြီ။ အဖြူရောင်၏ ပထမဦးဆုံး ၀တ္ထုလေးပါ အပြီးတွင် ကျွန်မ၏ လုပ်ငန်းခွင်မှာ ပြဿနာတစ်ခု ဖြစ်ပါသည်။ ကျွန်မတို့ လုပ်ငန်းရှင်တွေ ပေါ့ဆလို့ ဟူသော အစွဲက ကျွန်မရင်ကို နေ့ည ကပ်ငြိနေတော့သည်။ ဖြေပြေရာ မရနိုင်၊ တွေးနိုင်သမျှ အင်အားနှင့် တွေးဖြစ်သည်က မိုးမြေမဆုံး။ လုပ်ငန်းရှင် ဘာကြောင့် ပေါ့ဆရသလဲ။ ငွေကြောင့် ဘာကြောင့် ငွေ။

ရင်ထဲ တနုံ့နုံ့ဖြစ်သော ထိုအဖြစ် ကို ချရေးတော့ “ပယောဂ” ဖြစ်လာပါ သည်။ ပူနွေးစွတ်စိုဆဲ ၀တ္ထုလေးကို ရွှေ အမြုတေမဂ္ဂဇင်းသို့ ပို့တော့ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ။ အတူတူပူးတွဲပို့သော ၀တ္ထုတစ်ပုဒ်က ဟိုးအရင်ကရေးခဲ့သော “အိမ်ရှည်ကြီး၏  နောက်ဆုံးအခန်း”...။ ထိုဝတ္ထုနှစ်ပုဒ်လုံးကို ရွှေအသစ်ဝတ္ထု အဖြစ် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာနှစ်လ ဆက်တိုက် ဖော်ပြခံရ သော်လည်း အကြောင်းကြောင်းကြောင့် အိမ်ရှည်ကြီး၏နောက်ဆုံးအခန်းက ဒုတိယအကြိမ် ရွှေအသစ် ၀တ္ထုဖြစ်ခွင့် မရ။ (ထိုဝတ္ထုကို ပြင်ဆင်တည်းဖြတ် ပြီး ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖော်ပြခံရပြီး)

ဒုတိယ ရွှေအသစ် ၀တ္ထုအဖြစ် ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလကပေးပို့ ခဲ့သော နေရာ ၀တ္ထုကို ၂၀၀၆ ခုနှစ်၊ မတ်လထုတ်တွင် ဖော်ပြခံရပြီး အတူ ပူးတွဲပေးပို့ခဲ့သော နံရံတစ်ချပ်ခြား ၀တ္ထုကို ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် ရွှေနှလုံးသား ကဏ္ဍတွင် ဖော်ပြခံရပါ သည်။ (ထိုဝတ္ထုနှစ်ပုဒ်လုံးကို ၁၉၉၉ ခုနှစ်၊ မန္တလေးအဆောင်တွင် ရေးဖွဲ့ ခဲ့ခြင်း)

ထိုဝတ္ထုများ၏နောက် ၂၀၀၅ ခုနှစ်၊ ဇွန်လတွင် ပေးပို့ခဲ့သော “အန် ကယ်ကြီးနှင့် သပြေဆိပ် ရွာသားများ” က အပယ်ခံခဲ့ရကာ ၂၀၀၆ ခုနှစ်၊ ဇွန်လ တွင်ပေးပို့ခဲ့သော “ဆုံမှတ်တစ်ခု၌၀င် သောချစ်ခြင်း မြားတံများ” ကို ၂၀၀၇ ခုနှစ်၊ မတ်လထုတ်တွင် ဖော်ပြ ခံရပါသည်။ ထိုဝတ္ထုဖြင့်ပင် “ပရိသတ် အကြိုက်ဆုံးဆု” ရရှိခဲ့လေရာ ဆုငွေကျပ် တစ်သိန်းခွဲနှင့် မြေကို ခြေမထိသော ဘ၀င်လေဟပ်မှုကို ခံစားရလျက် စာပေ တောမှာ အမျောကြီးမျောနေခဲ့သည်မှာ ယခု အချိန်ထိပင်။

လျှောက်လှမ်းခဲ့ရာ ခုနစ်နှစ်တာ ခရီးကို လည်ပြန်ကြည့်လျှင် ရွှေအမြုတေ မဂ္ဂဇင်းသို့ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လမှ ယနေ့အထိ ပို့ခဲ့ပြီးသောဝတ္ထုတိုပေါင်း ၂၁ ပုဒ်ရှိခဲ့ပါသည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင် ဖော်ပြခံခဲ့ရပြီး ယနေ့ အထိ မဂ္ဂဇင်းစာမျက်နှာထက် ရောက် ခဲ့သည့်ဝတ္ထုက ၁၄ ပုဒ်ဖြစ်ပါသည်။ ရွေးချယ် ခံရသော်လည်း ဖော်ပြရန်မသင့် သည့်ဝတ္ထုက ၄ ပုဒ်ဖြစ်ကာ အပယ် ခံရသည်က ၃ ပုဒ်ဖြစ်ပါသည်။ (ကျွန်မ၏ စာမူမှတ်တမ်းနှင့် တိုက်ဆိုင်၍ရေးထား သည့် ဇယားကို စာမျက်နှာ(၂၂၃)တွင် ဖော်ပြထားပါသည်။)

နိုင်ငံကျော် မဂ္ဂဇင်းကြီးတချို့၏ ဖြတ်ပိုင်းပြန်မလာ ဖြစ်တတ်လေသည့် အဖြစ်ကို ကြောက်ရွံ့ စိတ်ပျက်ခဲ့သည့် ကျွန်မက “ရွှေအမြုတေနှင့် ရွှေအသစ်” မရှိပါလျှင် စာရေးသူ ဖြစ်လာမည် မဟုတ်။ စာရေးခြင်း ဆိုသည်က ခု ရေတွင်းတူးလို့ ခုရေကြည် သောက်နိုင်သည့် အရာမဟုတ်။ နှစ်ပေါင်းကြာရှည် တဖျင်းဖျင်း တမျှဉ်းမျှဉ်းခံစားရင်းမှ ပေါက်ကွဲအုံကြွကန် ထွက်လာသည့် အရာ။ ထိုအရာကိုမှ နှလုံးသွေးနှင့် တို့ထိလျက် ဆင်ခြင်သိ၏။ အကဲဖြတ် မှုတွင် မျောပါစေကာ တစိမ့်စိမ့်သိ၊ တငြိမ့်ငြိမ့်ထိချိန် ရောက်လေသောအခါမှ စာမျက်နှာထက် မွေးထုတ်လိုက်လျှင် အကြမ်းဖျင်းတော့ အင်္ဂါစုံမည်။ မွေးပြီးမှ နဖူးလေး မောက်နေလျှင် ဖိပေးလိုက် ပေါ့။ နှာခေါင်းလေး ပြားနေလျှင် ဆွဲပေး လိုက်ပေါ့။

ကျွန်မကိုယ်တိုင်ကျင့်သုံးခဲ့သည် က အထက်ပါနည်းအတိုင်းသာ။ ဖြည်း ဖြည်းပေါ့။ ပြင်ဆင်လိုက်ကြပါဦး။ အတောင်အလက်စုံပါစေဦး အစာရေစာ ဖြည့်လိုက်ပါဦး။ သို့ဆိုလျှင် “ပုဂံ ဘယ်ရွေ့ပါ့မလဲ”။ နောက် ကျွန်မတို့ သွားလာရာ ခရီးလမ်းကြောင်းတစ် လျှောက်တွင် ကြုံရ၊ ဆုံရ၊ တွေ့ရသည် များက ကိုယ် မသိလျှင် အသိသစ်၊ အမြင်သစ်ဖြစ်ကာ ခံစားမှုအသစ်တို့ ဖြစ်ပေါ်လာတတ်ပါ၏။

သို့ဖြစ်လျှင် ထိုခံစားမှုများကို မိမိရရ မှတ်တမ်းတင် ထားရန် အရေးကြီးပါသည်။ လိုအပ် လာလျှင် ထုတ်နုတ်သုံးစွဲရမည်ပင်။ ကျွန်မ၌ကိုယ်ပိုင်အဘိဓာန်ဟု နာမည် တပ်ထားသော စာအုပ်တစ်အုပ် ရှိပြီး ထိုစာအုပ်၏ အကျိုးကျေးဇူးဖြင့်ပင် “သာသနာငါးထောင် လင်ခြောက် ထောင် ပိုတဲ့တစ်ထောင် ပဒေသာပင် သီးပစ်လိုက်မယ်” (စာရေးဆရာ၊ ရွှေအမြုတေ) “စုစား၊ ပြားအိပ် တစ် ယောက်သုံးသောင်း” (တံခါးခေါက်သံ များ၊ ရွှေအမြုတေ) တို့ကဲ့သို့သော စကားဆန်းများကို ရေးသားနိုင်ခြင်း ဖြစ်ပါသည်။ ရေးပြီးသား ကျွန်မ၏ ၀တ္ထုတိုများကို ရေးပြီးသည်မှ စတင်၍ ကြည့်မ၀၊ ရှုမ၀၊ ဖတ်မ၀။ ဖတ်ပြီး ရင်းဖတ်၊ တစ်ခါဖတ်တော့ တစ်ခါ အမှားတွေ့၊ နှစ်ခါဖတ်တော့ နှစ်ခါ အမှားတွေ့၊ ခဏခဏဖတ်တော့ ခဏ ခဏအမှား တွေ့သည်ပေါ့။ ငယ်တုန်း က ၀ါကျ အရှည်တွေကို စွဲခဲ့လေသည့် အကျိုးဆက်က ၀ါကျ အရှည်ကြီးများ ရေးမိနေကာ ၀ါကျတစ်ကြောင်းအတွင်း “ရန်”...“နှင့်”...“ကို” စသည့် ပစ္စည်း၊ သမ္ဗန္ဓစကားလုံးများ နှစ်လုံး၊ သုံးလုံး ထပ်ခြင်း ကဲ့သို့သော အမှားများ သာမက စာတစ်ပုဒ်လုံး၏ ၀ါကျအဆုံး သတ်တိုင်းကို “ပါသည်”...“ပါတယ်” တို့ဖြင့် ငြီးငွေ့ဖွယ်ရာ အဆုံးသတ်ထား ခြင်းများကို မြင်လာကာ အချိန်မီပြင်နိုင် ခဲ့ပါသည်။ နောက်ပိုင်းတော့ နှပ်ထား သည်ဟု ယူဆကာ ရေးပြီးစာကို သုံးလခန့်ပစ်ထားလိုက်လျှင် အသစ် ဖြစ်သွားပြီး တစ်ခါ ပြန်ဖတ်သောအခါ ကိုယ်မှားသမျှ ပြန်မြင်ရသည်သာ...။ ကျွန်မတို့လို ကလောင်နုသူများအတွက် ရေးပြီးပြီးချင်း ကိုယ့်အမှား ကိုယ် မမြင် နိုင်ပါပေ။ (ရေးသာ ရေးနေရသော် လည်း ယခု ဆောင်းပါးရေးရန် ပြန်ကြည့်လေတော့မှ စကားပြေ၊ စကားပြော ရောနေခြင်းများမှသည် အခြားအမှားများကို ပြန်မြင်ရပါ၏)

စာရေးခြင်းဆိုသည်က ကျော်စောဖို့မှ မဟုတ်လေပဲ။ နာမည်သိဖို့ ရေးခြင်း လား၊ မဂ္ဂဇင်းပေါ်တင်ချင်လို့ ရေးခြင်း လား၊ သေချာစေ့ငုတွေးစေလိုပါ၏။ ကျွန်မကတော့ ဘယ်အတွက်မှမရည် ရွယ်ဘဲရေးထားသည့် စာမူများ ပုဒ်ရေ ၃၀ ခန့် ယခုထက်ထိပွား၍ မကုန်။ ကျောင်းတက်သည့် ၁၉၉၅ ခုနှစ်မှ ရေး သားခဲ့သည်များကို ၂၀၀၃ ခုနှစ်မှ မဂ္ဂဇင်းပေါ် စပို့သည်ဆိုတော့ မဂ္ဂဇင်း ထက် တစ်ပုဒ်ဖော်ပြခံရသည်နှင့် တာ လွှတ်သည့်မြင်းနှယ် အရှိန်မသတ် တရစပ်ပစ်လွှတ်ခဲ့ပါသည်။ ရွှေအမြု တေ၊ မဟေသီ၊ ကလျာ၊ မဟော်သဓာ၊ ပန်းအလင်္ကာ၊ ပေဖူးလွှာ၊ ရနံ့သစ် ယနေ့ ထိ ဖော်ပြခံရပြီးသည်မှာ ၃၂ ပုဒ်ရှိပါ ပြီ။

ကိုယ်ကိုယ်တိုင် အကြိမ်ကြိမ်စိစစ် ပြီးမှ အယ်ဒီတာဆီပို့ခြင်းဖြစ်၍ အရွေး ခံရသည်ကများပြီး အပယ်ခံရခြင်း နည်းပါသည်။ ပထမဦးဆုံးပို့သည့် ကျွန်မ၏ ၀တ္ထုငါးပုဒ်လုံး ဆက်တိုက် ရွေးချယ် ဖော်ပြခံရပြီး တစ်ပုဒ်မျှ အပယ် မခံရလေသည်က စိတ်ဓာတ် တက်ကြွ ဖို့သာ။ ထိုသို့သွေးကြွနေသည့် ကျွန်မက မဟာဗန္ဓုလပန်းခြံအတွင်း “၀ူသျှူး” ကစားနေသူတို့ကိုကြည့်ကာ တစ်ပုဒ် ချက်ချင်းရေးပြီး ရွှေတိုက်သို့ ချက်ချင်း တက်ပို့သည်။ “အန်ကယ်ကြီးနှင့် သပြေဆိပ် ရွာသားများ”။ ပထမဦးဆုံး အပယ်ခံရသည့်ဝတ္ထု။ မှတ်သားလောက် ပါ၏။

ထိုကဲ့သို့သာ ဆက်တိုက်အပယ်ခံ ရလျှင် အဖြူရောင်(ရွှေ)ဆိုသော ဘ၀ကိုရနိုင်ပါမည်လော... မသေချာပါ။ စိတ်ဓာတ်ကျမှုများကို သယ်ဆောင် ကာ အလွယ်တကူကျောခိုင်းထွက်ခွာ လျက် စာဖတ်သူစင်စစ်သာဖြစ်နေပါ လိမ့်မည်။ မင်းသမီးများ၊ အဆိုတော်များ က တစ်ခုချင်း သိန်းချီ၊ သောင်းချီတန် သော အင်္ကျီ၊ ဖိနပ်၊ အိတ်များဖြင့် လှပကြွရွနေချိန် ကျွန်မတို့ စာရေးသူ တွေက ခါးချည့်၊ ကိုယ်ချည့်ဖြင့် အပင် ပန်းခံတွေး၊ ရေးလေမှ ၅၀၀၀ ကျပ်။ ၂၀၀၈ ခုနှစ် ရောက်မှ ကျပ် ၁၀ယ၀၀၀ ရသည်သာ။ သို့ဆိုလျှင် ဤမျှပင်ပန်း ဆင်းရဲလှစွာသော ဘ၀ထဲသို့ ၀င်ရောက် လာခဲ့ကြသူများ ခေါင်းတိုးကြည့်ရုံ၊ လက်လျှိုကြည့်ရုံ တော့ဖြင့် မကျေနပ်စေ ချင်၊ စိတ်ဓာတ် မကျစေချင်။ “ခေါင်း ၀င် ကိုယ်ဆံ့” ဘ၀ဖြင့် နာမည်တစ်လုံး ထူထောင်စေချင်ပါသည်။ အဆင်းရဲ၊ အပင်ပန်းဆုံးဘ၀ကို သိလျက်နှင့် ရွေး ချယ်ခဲ့သူများ လှည့်ပြန်မသွားစေချင်။ အရင်းစစ်တော့ အမြစ်မြေကဆိုသကဲ့သို့ မိမိ၏ဆန္ဒစောမှုများက မိမိကိုယ်မိမိ စိတ်ဓာတ်ကျစရာ ဖြစ်တတ်ပါလေ ကြောင်း သက်သေ၊ သာဓကများစွာနှင့် ကိုယ့်အကြောင်း ကိုယ်ဖော် ရေးသား လိုက်ရခြင်းပင်။

ယနေ့
အဆုံးသတ်ကို ပြောရပါလျှင် ကျွန်မသည် “ရွှေအသစ်” ကဏ္ဍမှ စင် တင်ပေးသော ရွှေအသစ်စစ်စစ် တစ် ယောက်ဖြစ်ပြီး စကားပြေ၊ စကားပြော ရောခြင်း၊ ပြောသူ နာမ်စား ရောခြင်းနှင့် အခြားစာရေး နည်းပညာရပ်များ၊ စာ၊ စကား အသုံးအနှုန်းများ၊ ၀ါကျ တည်ဆောက်ပုံများ၊ အထားအသိုများ၊ စကား ပြေ၏အလှ... တန်ဖိုး... ဂုဏ်သတ္တိ များကို ဆက်လက်ပညာယူဆဲ၊ လေ့လာ နေဆဲ ကလောင်ငယ် တစ်ချောင်းသာဖြစ် ပါသည်။ အပြော ကျယ်လှသော စာပေ ရပ်ဝန်းအတွင်း ပြောင်းလဲလာသော အရေးအသားများ၊ ကျွန်မတို့ ပတ်ဝန်းကျင်သို့ ထိုးဖောက် ၀င်ရောက်လာသော စကားလုံး အသစ်အဆန်းများကို အချိန် ပေးလေ့လာ၍ ကျွန်မတို့မျက်စိရှေ့ မှောက်၌ ဖြစ်ပျက်လျက်ရှိသော လူ့ဘ၀ပေါင်း များစွာ၏ အဖြစ်အပျက်မျိုးစုံကို တစ်ပါးသော သူတို့ ဆင်ခြင်နိုင်၊ တွေးဆ နိုင်၊ ကိုယ်ချင်းစာနိုင်၊ သိရှိနိုင်ရန် ရေးသား အသိပေးရမည့် ကလောင် တာဝန်များ ထမ်းဆောင်နိုင်ရေး အတွက် လောကကြီးက စောင့်မျှော်လျက် ရှိနေပါကြောင်း စာပေ လောကသို့ တိုးဝင်နေသူ ဘ၀တူ ကလောင်ရှင်များအား အလေး အနက်ထား တိုက်တွန်း ပြောကြားလိုပါ သည်။

အဖြူရောင်၊ရွှေ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

Saturday, 17 March 2012

လျှာများနှင့် သွားများ


အားလုံးကြားဖူးကြတဲ့အတိုင်း  ”လင်နဲ့မယား …လျှာနဲ့သွား”တဲ့ ….။
”လျှာနဲ့သွား” အတွဲမှာလျှာနဲ့ သွားတစ်ခုစီ ခွဲကြည့်ရင် အဓိပ္ပာယ်အမျိုးမျိုး ရှိနေကြတာကိုး။ တိုတဲ့လျှာ၊ ရှည်တဲ့လျှာ၊ ဟိုကွေ့ဒီဝိုက် သဝေထိုးတတ်တဲ့ လျှာ၊ ဖြောင့်ဖြောင့် မှန်မှန် ငြိမ်ဝပ်တဲ့လျှာ… အဲဒီလိုပဲ တစ်ချောင်းကျိုးနေတဲ့ သွား၊ နှစ်ချောင်းကျိုးနေတဲ့သွား၊  တစ်ပြုံလုံးကျိုးနေတဲ့သွား၊ အခေါင်းပေါက်ပါလို့ နာနေတဲ့သွား… အမျိုးစုံလှတဲ့ သွားတွေ၊ အမျိုးစုံလှတဲ့ လျှာတွေကို လိုက်ဖက်ညီတဲ့ တင်စားခြင်းမျိုးနဲ့ တင်စားထားလိုက်တာ ဘယ်လောက်လှလဲ… ရှေးလူကြီးတွေ ဘယ်လောက်တော်သလဲ။ တကယ်ပြောတာပါ… မမြင်ဖူးလိုက်တဲ့ ရှေးလူကြီးတွေရဲ့ စကားလင်္ကာကို ကျေးဇူးတင်ဦးညွတ်ရင်း စဉ်းစားစရာတွေ ပေါ်လာခဲ့တယ်။ စဉ်းစားရင်းတွေးရင်း လျှာနဲ့သွား ဆိုတဲ့ အတွဲလိုက်အဓိပ္ပာယ်မှာ ခွဲခြမ်းစိတ်ဖြာစရာတွေ တွေ့လာရပြန်ရော…။
တစ်နေ့တစ်နပ်ပဲစားတဲ့ သူတော်စဉ်တွေရဲ့  ပါးစပ်ထဲက လျှာနဲ့သွားလား၊ ဒါမှမဟုတ် အစားပုပ်တဲ့ တရုတ်ကြီး ပါးစပ်ထဲကလျှာနဲ့ သွားလား…အဲဒီမှာတင် သေသေချာချာ ကွဲသွားပြီ ”ဖြစ်နိုင်ခြေ” ဆိုတဲ့ ဘောင်ထဲက စဉ်းစားမယ်ဆိုရင် သူတော်စင်ရဲ့ လျှာနဲ့သွားမှာ  ပြဿနာမရှိလောက်ဘူး၊ သူတော်စင်က သတိနဲ့ရှုပြီး ဝါးတဲ့အတွက် လျှာနဲ့ သွားကလည်း ‘သတိ’ရဲ့ ထိန်းကွပ်မှုအောက်မှာ ငြိမ်ဝပ်နေမှာပဲ။ အစားပုပ်တဲ့ တရုတ်ကြီး ပါးစပ်ထဲက လျှာနဲ့သွားမှာတော့ ပြဿနာရှိနေပြီ။ ပါးစပ်ထဲမှာလည်း အပြည့် လက်ထဲမှာ တစ်လုတ်၊ မျက်လုံးက ပန်းကန်ထဲကို ကြည့်ထားပြီးသား စိတ်ကတော့ ဟင်းအိုးထဲ ရောက်နေရောပေါ့.. ကဲ တရုတ်ကြီး စိတ်ရောကိုယ်ပါ ဒီလောက် အလုပ် ရှုပ်နေမှတော့ သူ့ ပါးစပ်ထဲက လျှာနဲ့သွား ဘယ်စားသာတော့မလဲ။ ဦးနှောက်ရဲ့ စေခိုင်းမှုအောက်မှာ သွားတွေကလည်း တွေ့ရာဝါးမှာပဲ ထမင်းသော၊ ဟင်းသော ရွေးနေ မှာ မဟုတ်ဘူး …အဲဒီထဲ လျှာလည်း ခဏခဏအဆစ် ပါတော့မပေါ့။
အညာသား တစ်ယောက်ဆိုပါ စို့ အညာသားတွေက တစ်နေ့ထမင်း (၃)နပ် စားတတ်ကြတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ…သရေစာစားချိန်ပါ ထည့်တွက်ရင် တစ်နေ့ ကို အနည်းဆုံး ၄၊ ၅ခါပေါ့။ တရုတ်ကြီး လျှာနဲ့သွားလောက် မဆိုးပေမယ့် အညာသား လျှာနဲ့သွားမှာလည်း ပြဿနာတော့ မသေးလှဘူး။
သူတော်စင်မှာတောင် ဝါနုသေးတဲ့ သူတော်စင်နဲ့ ဝါရင့်သူတော်စင် ဘယ်တူနိုင်ပါ့မလဲ။ ဝါနုတဲ့ သူတော်စင်ကတော့ ”သတိ”နဲ့ ယှဉ်ဝါးတတ်ဦးမှကိုး ”အတွေး”နဲ့ ယှဉ်ပြီးဝါး ရင် လျှာနဲ့သွားက ပြဿနာရှိဦးမှာပဲ…။
အဲဒီလိုပဲ သေသေချာချာ တွေးကြည့်ရင် မျိုးပေါင်းစုံလင်လှသူတွေရဲ့ မျိုးစုံတဲ့လျှာတွေ၊ သွားတွေမှာ ပြဿနာအမျိုးမျိုး ရှိနိုင်ကြ တာပေါ့။ အချိန်ပြည့်ဝါးတဲ့သွား၊ သုံးနပ်ဝါး တဲ့သွား၊ နှစ်နပ်ဝါးတဲ့သွား၊ တစ်နပ်ပဲဝါးတဲ့သွား … ဘယ်တူကြပါ့မလဲ။
(၂)
လျှာနဲ့သွားရဲ့ တင်စားခံ လင်နဲ့မယားတွေမှာကော ပြဿနာတွေ အမျိုးမျိုးရှိကြတာပဲ မဟုတ်လား။ စဉ်းစားရင်း ပြုံးချင်လာတယ်။ ကဲ …ကျွန်မတို့  လင်မယားကကော … အချိန်ပြည့်ဝါးတဲ့သွားလို့ပဲ တင်စားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရော၊ ကျွန်မရော  နှစ်ယောက်လုံးက အလုပ်သမားတွေကိုး။ မိသားစုလုပ်ငန်းမှာ နှစ်ယောက်စလုံး အတူတူအလုပ်လုပ် ကြတာဆိုတော့ အယူအဆ မတူတဲ့အခါ ငြင်းကြ၊ ခုံကြ၊ ရန်ဖြစ်ကြတော့တာပဲ…ရှင်ကဘယ်လို၊ ကျွန်မက ဘယ် လိုပေါ့။ မင်းကဘယ်လို ငါကဘယ်လိုပေါ့။ တာဝန်ယူပုံ မတူကြတဲ့အခါ ခံစားချက်မတူဘူး။ သူက လုပ်ငန်းသစ်ရှာဖွေရေး၊ ရှိပြီးသားလုပ်ငန်းကို သေသပ်ချောမွေ့ရေး၊ အချိန်မီ ပြီးစီးရေး  တာဝန်ယူထားတယ်။ ကျွန်မက… ငွေစာရင်း၊ ပစ္စည်းဝယ်ယူရေးနဲ့ ဝန်ထမ်းထိန်းသိမ်းရေး တာဝန်ယူထားတယ်။ အဖြစ်အပျက်(က) အတွက် သူက လုံခြုံရေး မျက်စိနဲ့ကြည့်မယ်၊ ကျွန်မက စီးပွားရေးမျက်စိနဲ့ ကြည့်မယ်…လုပ်ငန်းအောင်မြင် တိုးတက်ရေးကို နှစ်ယောက်လုံး တက်ညီလက်ညီ လုပ်ကိုင်ကြပေမယ့် အမြင် မတူတာလေးတွေမှာ ငြင်းကြ၊ ခုံကြရော။
အဖြစ်အပျက်(ခ)အတွက် သူက ယောက်ျားအမြင်နဲ့ ဧည့်ခံရေးလုပ်ချင်တယ်၊ ကျွန်မက မိန်းမအမြင်နဲ့ ဧည့်ခံမယ့်ပိုက်ဆံ အိမ်ကို ပို့ပေးချင်တယ်။ ကော်ဖီဖျော်စက်၊  သစ်သီးဖျော်စက်ကအစ…ကလေးအတွက်၊ မိန်းမအတွက် စဉ်းစားပေး၊ အိမ်ကိုသွားပို့ပေးပြီး ရင်းနှီးမှု တည်ဆောက်ချင်တယ်။
အဖြစ်အပျက်(ဂ)မှာ သူက လုပ်ငန်းကို အခိုင်အမာပစ္စည်း ကောင်းသုံးပြီး ထူထောင်ချင်တယ်၊ ကျွန်မက ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီး ဖြစ်နိုင်ခြေနဲ့ လုပ်ချင်တယ်။ လုပ် ငန်း တိုးတက်ရေးဆိုတဲ့မူ၊ ဘောင်အောက်မှာပဲ ခံယူချက်ချင်း မတူကြတော့ဘူး။ အနောက်နိုင်ငံက မာစီဒီးနဲ့ ဂျပန်တိုယိုတာ အားပြိုင်သလို သူနဲ့ကျွန်မ ခဏခဏ အားပြိုင် ကြရတယ်။ တရုတ်ကြီး ပါးစပ်ထဲက လျှာနဲ့သွားပေါ့….။
နောက် သူငယ်ချင်းလင်မယားတွေနဲ့ မတူကြတဲ့အချက်တွေ ရှိသေးတာ၊ အဓိကကတော့ အသေးသုံးငွေကြေးနဲ့ ဈေးဖိုးပေါ့။ ကျွန်မတို့ အိမ်ထောင်ရေးမှာ သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ ခွဲမထားဘူး။ ဈေးဖိုးထဲက ခွဲစုထားတယ်ဆိုတာ မရှိဘူး။
လုံလောက်ပြည့်စုံတဲ့ အရင်းအနှီး မရှိတာရယ်၊ ထူထောင်ခါစ  လုပ်ငန်းဖြစ်တာရယ်က ကျွန်မတို့ ဘဏ္ဍာရေးကို ခဏခဏ မျက်ဖြူဆိုက်စေတယ်လေ။ မရှိဘူးဆိုရင် ဈေး သုံးဖို့တောင် မရှိတဲ့ အဖြစ်မျိုးကြုံရတဲ့အခါ ကျွန်မ သူငယ်ချင်းတွေက ကျွန်မကိုအကြံပေး ကြတယ်။
”မင်းကလည်းကွာ…ဈေးသွားရင် ခွဲစုထားလေ ဈေးတစ်ခါ သွား အနည်းဆုံး နှစ်ထောင်စုထား အနည်းဆုံး တစ်လငါးသောင်း စုမိမှာပဲ….အဲဒီစုငွေကို ဘယ်မှာမှ မသုံးနဲ့ ငါးသိန်းလောက် ရှိပြီဆိုမှ ကိုယ်လုပ်ချင်တာလုပ် … ငါက အဲဒီလိုလုပ်တာ အခု ရေခဲထုတ်လုပ် ရောင်းတဲ့ ရေခဲသေတ္တာတွေ အဲဒီလို ဈေးဖိုးထဲက တစ်လုံးချင်း ဝယ်သွား တာ အခု ရေခဲသေတ္တာ ငါးလုံးရှိပြီ”တဲ့။
သူ့အဖြစ်နဲ့ သူ့အပြောက ချောလို့…သူက လစာ၊ ဝင်ငွေ ကောင်းတဲ့ အရာရှိရဲ့မိန်းမ၊ သူ့ ယောက်ျားအပ်တဲ့ ဝင်ငွေကအတိုး၊  အလျော့ရှိတာလွဲလို့ ပုံမှန်သေချာပြီးသား။ လကုန်လို့ အပ်ငွေနည်းတဲ့အခါ ရန်ဖြစ်ကြတာ တခြိမ်းခြိမ်းပေါ့…နှစ်နပ်ဝါးတဲ့သွားလို ခဏခဏ ကိုက်မိကြတာပေါ့။
ကျွန်မတို့အတွက် အဲဒီလို နည်းကလည်း မဖြစ်နိုင်ပြန်ဘူး။ အိမ်အတွက်တင်မက လုပ်ငန်း အတွက်ပါ ဘဏ္ဍာရေးတာဝန်ယူ ထားတဲ့ ကျွန်မအတွက်တော့ တကယ်အရေးကြီးလာရင် ဈေးဖိုးလည်း ခွဲမထားနိုင်ဘူး၊ သုံးရတာပဲ …ကျွန်မတို့မှာ လုံလောက် ပြည့်စုံတဲ့ အရင်းအနှီး မရှိဘူးမဟုတ်လား။
သီးသန့်ခွဲထားတဲ့ စုငွေရှိတယ်ပဲ ထားပါဦး အလုပ်သမားရှင်း ဖို့လိုရင်၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဖိုး အကြွေးတောင်းလာရင်၊ သစ်ဖိုးအရေးကြီးရင်၊ အရစ်လိုက် ထုတ်ရတဲ့ငွေ မထုတ်ရသေးရင်… အဲဒီသီးသန့်ထားငွေကိုပဲ သုံးလိုက်ရတာ မဟုတ်လား။ ဖွက် ထားတယ်ဆိုပြီး ကိုယ်ဖွက်ထားတဲ့ နေရာ ကိုယ်သိနေမှတော့ စိတ်ရှုပ် ခံမနေဘူး ယူသုံးလိုက်တာပဲ။
အဲဒီလို ငွေလိုတဲ့၊ ငွေပြတ်တဲ့ ….အခါမျိုးမှာ ကျွန်မအဘွား ပြောလေ့ရှိတဲ့ စကားကိုအမှတ်ရမိတယ် မန္တလေးသူအငြိမ့် ဝါသနာအိုးအဘွားက သူငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ အငြိမ့်လူပျက်တွေ အကြောင်းပြောရင်း…
”လူပြက်နှစ်ယောက် ပြက်ကြတော့ တစ်ယောက်က အရေးပိုင်မင်း လုပ်တာပေါ့ အဲဒီတော့ သူ့ကိုယ်သူ ‘သခင်ကြီး’ပေါ့…သခင်ကြီးမှာ အခြွေအရံတွေများတာကိုး ကားမောင်းတဲ့သူရှိမယ်၊ ထမင်းချက်တဲ့ သူရှိမယ်၊ မာလီရှိမယ်၊ အိမ်ထိန်းရတဲ့သူရှိမယ် ဘာတဲ့အေး သူတို့ခေါ်တာရှိပါတယ် ‘ဘတ္တလာ’ဆိုလား နောက်ညည်းတို့ အခု ပြောနေတဲ့  ‘ပီအေ’လား အေးအေးအဲဒါလည်း ရှိမယ် ပြောရမယ်ဆိုရင် ဝန်ထမ်းတွေ အများကြီးပေါ့အေ …သူကလည်း စင်ပေါ်မှာ သခင်ကြီးချင်း မိုးမွှန်အောင် ပြောနေတာပေါ့ သူ့ကို  ထောက်ရတဲ့သူကလည်း သခင်ကြီး ..သခင်ကြီးပေါ့။ အောက်က ပရိသတ်ကလည်း တဝါးဝါးပေါ့….ဘာမှမပြက်ရသေးဘဲ မျက်နှာပေးနဲ့ တင်ပွဲကျနေတာ …သခင်ကြီးက သူ့မှာခိုင်းတဲ့လူတွေ ပေါတဲ့အကြောင်း ကြွားပြောလေး ပြောပြနေတာပေါ့…နောက်လခပေးတဲ့ အကြောင်းရောက် သွားရော သူ့ကို ထောက်ရတဲ့သူက ”သခင်ကြီး လခ တွေ ထုတ်ပြီးပြီလား” ”သခင်ကြီးရဲ့ လူတွေကိုကော လခတွေ ထုတ်ပေးပြီးပြီလားပေါ့” အဲဒီတော့ သခင်ကြီးကဖြေ တယ် အားလုံးထုတ်ပေး ပြီးပြီပေါ့….ဆက်ကြွားတာပေါ့ အေ ဘယ်သူ့ကိုဘယ်လောက် ပေးရတယ်…ဘယ်သူ့ကို ဘယ်လောက်ပေးရတယ်…အဲဒီတော့ လက်ချိုးပြီး လိုက်မှတ်နေတဲ့ ဘေးကလူပြက်က ”ဟင် သခင်ကြီးရတဲ့လခနဲ့ သခင်ကြီးပြန်ပေးလိုက်ရတဲ့ လခအတူတူဖြစ်နေပြီ …သခင်ကြီးက ဘာနဲ့စားလဲ” ဆိုတော့ သခင်ကြီး လုပ်တဲ့သူက ”သခင်ကြီးလား….သခင်ကြီးက အိမ်ကြို အိမ်ကြား လှည့်စားတာပေါ့” လို့ လည်း ပြောလိုက်ရော…ပရိသတ်တွေ ရယ်ကြတာ တကယ့်ကို ပတ်တုတ်လို့ မနိုင်ဘူး”
အခုကျွန်မတို့အဖြစ်ကလည်း သခင်ကြီးလို အိမ်ကြိုအိမ်ကြား လှည့်စားရမယ့်ကိန်းလေ။ အလုပ် သာလုပ်နေရတာ ငွေထုတ်ပြီဟေ့ ဆိုရင် တန်းစီနေတဲ့ ပေးစရာတွေကြား မှာ အိမ်စရိတ်ကို မနည်းချန် နေရတာကိုး။ ပေးစရာရှိတာတွေက မပေးလို့မှမဖြစ်တာ အခွန်အခတွေ ရှိမယ်၊ လစာတွေရှိမယ်၊ ဧည့်ခံစရိတ်တွေရှိမယ်၊ စောင်မကြည့်ရှုခဲ့ သူတွေကို သိတတ်ဂါရဝ ကန်တော့ခြင်းတွေရှိမယ်၊ လုပ်ငန်းရှင်ဆိုပြီး အလှူပါဝင်ရတာတွေရှိမယ်၊ ကုန်ပစ္စည်းကြွေးတွေရှိမယ်…အမည်မတပ်နိုင် လောက်အောင် များပြားလှတဲ့ ထွက်ငွေတွေကြားထဲမှာ ကလေးစရိတ်၊ အိမ်စရိတ်က ခေါင်းမဖော်နိုင်တော့ဘူး။ အဲဒီတော့ ”လုပ်ငန်းရှင်ကြီး” လို့ ပတ်ဝန်းကျင်က အထင်ကြီးကြတဲ့ ကျွန်မ တို့မှာ ဘယ်တော့မှ လက်ထဲငွေမရှိဘူး…အဲဒါပုံပြင်မဟုတ်ပါဘူး။
(၃)
”ဟေ့ကောင် …အလုပ်လုပ်နေပြီး လက်ထဲငွေတစ်ပြားမှ မရှိဘူးဆိုတာ မင်းညံ့လို့ပေါ့ကွ။ ငွေဆိုတာ စီမံခန့်ခွဲတတ်မှ ငါက တော့ မရဘူး။ သူ့ပိုက်ဆံလည်း ငါ မတောင်းဘူး ….ငါ့ပိုက်ဆံလည်း မထိနဲ့ …လကုန်ရင် ငါ့ကို ငါးသိန်းပေးတယ်။ သမီးတွေ ကျောင်းစရိတ်၊ အိမ်စရိတ်က သုံးသိန်းလောက်ပဲ ကုန်တာ… အဲဒီလောက်ပဲကုန်အောင် ငါချွေ တာတယ်..ကျန်တဲ့၊ ပိုတဲ့ပိုက်ဆံက ငါ့ပိုက်ဆံပဲ အိမ်အတွက်လိုတာ မရှိအောင် ငါ့ပိုက်ဆံထဲက ဝယ်တာ…သူ့တာဝန်က ငါ့ကိုတစ်လ ငါးသိန်းပေး တစ်နှစ်ကုန်ရင် ကားဖြစ်ဖြစ်၊ မြေကွက်ဖြစ်ဖြစ် တစ်ခုခုဝယ်ပေး …ဒါဆို ကျေနပ်ပြီ။ ကျန်တာ သူ့ဘာသာ ဘာသုံးသုံး….လကုန်လို့ ငါးသိန်းမအပ်ရင် ပြဿနာရှာမှာပဲ..”
လိုင်းကားငါးစီးပိုင်တဲ့ အုံနာကတော်လေ။ ကျွန်မငွေလိုတိုင်း သူ့ဆီက ချေးနေကျ သဘောကောင်းတဲ့၊ စေတနာကောင်းတဲ့ သူငယ်ချင်းပေါ့။ တစ်အိမ်လုံး ဖိတ်ဖိတ်တောက် နေအောင် သန့်ရှင်းတဲ့၊ စနစ်ကျတဲ့ အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်…အဲသလို ပစ္စည်းကောင်းသုံးပြီး နေနိုင်အောင်  မိဘနောက်ခံအင်အားရော၊ လက်ရှိ အိမ်ထောင်ရေးမှာရော ငွေကြေးတောင့်တင်းသူ… ဒါပေမဲ့ သူတို့ အိမ်ထောင်ရေးက ”အညာသား ပါးစပ်လိုပါပဲ” သူ့ယောက်ျားက အရက်သောက်တတ် တယ်၊ နောက်ဆက်တွဲ ပန်းကုံးစွပ် ဝါသနာပါတယ်….နောက် နေ့နဲ့ည မှားနေတတ်တဲ့လူ။ မနက်ဆိုရင် မနက်ဆိုတာထက် နေ့ခင်းပိုင်းမှ အိပ်ရာ ထရေချိုး၊ ထမင်းစားပြီး ကားတွေ ငွေသိမ်းဖို့ ထွက်သွားလိုက်တာ ည (၁) နာရီဆိုတာ အစောဆုံး ….ဧည့်ခံပွဲတွေဆိုတာလည်း မပြီးဆုံးသေးတဲ့ ပန်းချီကား ဆိုတာလိုပဲ။
သူငယ်ချင်းရဲ့ သန့်ရှင်းမှု၊ စနစ်ကြီးမှုကို မခံနိုင်တဲ့ အိမ်ဖော်တွေနဲ့ အိမ်ဖော်မမြဲတော့ သူငယ်ချင်းက ပင်ပန်းရရော…အိမ်အလုပ်တွေ သိမ်းကျုံးလုပ်ပြီး နားချင်၊ အိပ်ချင်တဲ့ အချိန် ယောက်ျားကပြန်လာ ညမိုးချုပ်မှ ထမင်းခူးကျွေးရ၊ ကလေးကျောင်းပို့ဖို့ မနက်အစောကြီးထရ ပင်ပန်းတဲ့အခါ လျှာနဲ့သွား ကိုက်ကြလေသတည်းပေါ့။
ကျွန်မတို့ အိမ်ထောင်ရေးမှာ သူ့ငွေ၊ ကိုယ့်ငွေ ခွဲမထားဘူး၊ အလုပ်တူနေမှတော့ ထွက်ငွေလည်း သိ၊ ဝင်ငွေလည်းသိကိုး ကျွန်မကလည်း သူမသိဘဲ ဘာမှမသုံးဘူး၊ သူကလည်းသူသုံးသမျှ ကျွန်မကို စာရင်းတင်တာပဲ….အပေါင်းအသင်းနဲ့ ညဘက်ဆိုင်ထိုင်တာမျိုးကို ကျွန်မကလည်း ကျေကျေနပ်နပ် ခွင့်ပြုတယ်၊ သူကလည်း တစ် လနှစ်ခါထက် ပိုမသွားဖြစ်အောင် ဆင်ခြင်တယ်…ကျွန်မတို့နှစ် ယောက်က လင်မယားဆိုတာထက် ရဲဘော်ရဲဘက်တွေလို ဘဝကိုရင်ဆိုင် တိုက်ပွဲဝင်နေကြတာ မဟုတ် လား…. ငြိမ်းချမ်းစွာ ကွဲလွဲကြတဲ့ ခဏတိုင်းမှာတော့ တရုတ်ကြီးရဲ့ လျှာနဲ့သွားလို ကိုက်မိကြတာပဲ။ ဒါပေမဲ့ အဲဒီရန်ပွဲတွေက စကားလုံးတွေနဲ့ပဲ ပြီးသွားတတ်တာမျိုး နာရီ ပိုင်းနဲ့ ပြီးသွားတတ်တာမျိုးပေါ့။
ဖြစ်နိုင်ခြေဆိုတဲ့ ဘောင်ထဲက တွက်ကြည့်တဲ့အခါ ဝါးတဲ့အကြိမ် ရေများလေ…ကိုက်မိတဲ့ အကြိမ်ရေ ပိုလေဖြစ်သလိုပေါ့။ အလုပ်ကိစ္စနဲ့ နာရီတော်တော်များများ အတူ ရှိလေ၊ အတူတိုင်ပင်လေ… အယူအဆ မတူတဲ့ တိုက်ပွဲများလေပေါ့။
နောက် ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ အိမ်ထောင်ရေးကတော့ ဝါနုတဲ့သူတော်စင် တစ်ယောက် အတွေးများများနဲ့ဝါးတဲ့ လျှာနဲ့သွားလိုပါပဲ။
”စံပယ်ရေ…ငါတော့ ဘာမှမပြောချင်တော့ဘူး။ သားတွေ မျက်နှာရှိသေးတယ် မဟုတ်လား သားတွေမှာ အဖေဆိုတာရှိရင် ပြီးတာပဲ..ငါ့ဘဝကို ငါ့အကြောင်းပဲပေါ့၊     သားတွေ အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့”
ယောက်ျားကပွဲစား၊ အိမ်မှာနေတယ်၊ မိသားစုသုခကို အပြည့်အဝ ယူတယ်၊ ဒါပေမဲ့ ငွေတစ်ပြားမှ မအပ်ဘူး…
”ငါလေ…ရယ်ချင်တယ်သိလား…မနေ့ညက ငါနဲ့သားနှစ်ယောက်ကို အဝတ်လဲခိုင်းပြီး ‘အကင်’ ဆိုင်အတင်း ခေါ်သွားတယ်။ သူပွဲတည့်လာလို့ ဒကာခံတာတဲ့ နင်စဉ်းစား ကြည့်စမ်း အိမ်မှာ ခရမ်းသီးဟင်းချက်ရင် မစားနိုင်လို့ ဝက်ခေါင်းသုပ် ဝယ်စားတယ်။ ငွေရလာရင် ငါတို့ကို ဒကာခံတယ်…ငါလည်း သူ့ကို ဧည့်သည်လိုပဲ သဘောထား လိုက်တော့တယ်”
”ဒါပေမဲ့ဟာ အခုလိုလုပ်နေတာထက် သားတွေမှာ အဖေမရှိဘူးဆိုတာကမှ ခံသာဦးမယ်…အခု သူကတော့ ဘောလုံးပွဲလောင်းလိုက်၊ အရက်သောက်လိုက် အဆင်ကိုပြေ လို့…တစ်ခါတစ်ခါတော့လည်း မောင်းထုတ်ပစ်ချင်တာ.. ဘာလုပ်ရမှန်းကို မသိတော့ဘူး”
သူတော်စင်တစ်ယောက်လို သဘောထားမြင့်မြတ်၊ သည်းခံ၊ ခွင့်လွှတ်နိုင်လွန်းလို့ ခဏခဏ မကိုက်မိကြပေမယ့်…အတွေးကို မလွန်ဆန်နိုင်သေးတဲ့၊ ဝါနုတဲ့သူတော်စင် ရဲ့လျှာနဲ့သွားလို သူတို့ လင်မယားမှာလည်း ပြဿနာရှိတာပါပဲ။
လျှာနဲ့သွားလို့ တင်စားကြတဲ့ လင်နဲ့မယားပေါင်းစပ်ထားတဲ့ အိမ်ထောင်ရေးဆိုတာ အဆုံးမရှိတဲ့ ပင်လယ်ကြီးလား…အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လား…အောက်ကို မမြင်ရ တဲ့ ချောက်နက်ကြီးလား… အားလုံးသိကြတဲ့အတိုင်း ”လင်နဲ့မယား…လျှာနဲ့သွား”ဆိုရိုးရှိတယ် မဟုတ်လား။ ကျွန်မကတော့ လျှာနဲ့သွားအကြောင်း စဉ်းစားမိလေလေ အိမ်ထောင်ရေးဆိုတာကို ခပ်ရေးရေး သဘောပေါက် လာလေလေပါပဲ။ အရင်တုန်းက ကျွန်မတို့ရဲ့ လုပ်ငန်းကို ခက်ခဲလှပြီထင်ခဲ့တာပါ…တကယ်တမ်း’အိမ်ထောင်ရေး’ ဆိုတာနဲ့ ချိန်ထိုးကြည့်မိတော့မှ ကျွန်မတို့လုပ်ငန်း ဘယ်လောက် လွယ်လဲသိရတာ။
(၄)
ကျွန်မတို့အလုပ်က အဆောက်အဦး ဆောက်တာပါ။ အိမ်ရှင်တွေ၊ ဌာနဆိုင်ရာအရာရှိတွေ၊ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင်တွေ၊ အုတ်၊ သဲ ကျောက်ပို့တဲ့သူတွေ၊ နောက် မဖြစ်မနေ ပတ်သက်ရသူတွေ… အဲဒီလူတွေကြားထဲမှာ အချိန်မီအလုပ်အပ်နိုင်ဖို့ အကောင်းက အရူးဖြစ်ရမတတ် စိတ်ညစ်ခဲ့ဖူးပေမယ့် အိမ်ထောင်ရေးနဲ့ ယှဉ်တွေးမိတော့မှ အဆောက်အဦး ဆောက်ရတာများ ဘာခက်လို့လဲဆိုတော့ အတွေးဝင်လာတယ်။ သက်ဆိုင်ရာ အင်ဂျင်နီယာက တွက်ပေးတဲ့ပုံစံ စာရွက်ရှိ မယ်…လိုအပ်ရင် Structure လို့ခေါ်တဲ့ အထူးတွက်ချက်ထားတဲ့ တွက်ချက်မှုရှိမယ်… ဒါဆိုရင် အိုကေပြီပေါ့။ သက်ဆိုင်ရာ ကြီးကြပ်တဲ့ အင်ဂျင်နီယာရဲ့ လမ်းညွှန်မှုနဲ့ လိုအပ်တဲ့ပစ္စည်းတွေရှိရင် တစ်ထပ်ပြီးတစ်တပ် တက်သွားရုံပဲပေါ့။ (၈)ထပ်မြင့်မလား…(၁ဝ)ထိ မြှင့်ချင်သေးသလား…အဓိကကတော့ သီအိုရီနိုင် မယ်၊ ငွေ ရှိမယ်ဆိုရင် အတွေ့အကြုံရှိပြီးသား လူတစ်ယောက်အတွက် မီးစိမ်းပြီးသား…နောက်ဆောက်လုပ်ရေးမှာ ကြုံရတတ်တဲ့ ”မမြင်နိုင်တဲ့ အနှောင့်အယှက်” ဆိုတာ တကယ် တမ်းတော့ စာမဖွဲ့လောက်ပါလား ဆိုတာ သိရတော့ အိမ်ထောင်ရေးရဲ့ အရေးကြီးပုံကိုပါ တစ်ခါတည်း တွေးမိပြီး ကြက်သီးမွေညင်း ထလာခဲ့ပါတယ်။
သီအိုရီ မရှိဘူး၊ ပုံစံနဲ့ တွက်ချက်မှုမရှိသလို လိုအပ်ရင် ထပ်ကူပေးရတဲ့  Structure တွက်ချက်မှုမရှိဘူး၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်မရှိဘူး၊ ဘယ် ပစ္စည်းနဲ့ ဘယ်ပစ္စည်းကို ဘယ်အချိုးအစား အတိုင်းရောရင် ဘာရမယ်ဆိုတဲ့ အချိုးချမှုမရှိဘူး။ ကျွန်မတို့နဲ့ ပထမဦးဆုံး လက်တွဲခဲ့တဲ့ အင်ဂျင်နီယာ အဘိုးကြီးပြောလေ့ရှိ သလို ”မှားသွားရင် မှောက်ထေလိုက်”လို့ မရနိုင်ဘူး..”တစ်ဘဝလုံးစာအတွက် တစ်ဘဝလုံးကို” လောင်းကြေးထပ်ထားပြီးသား မဟုတ်လား …နောက် အတွေ့ အကြုံကို အားကိုးလို့မရနိုင်ဘူး။ အိမ်ထောင်ရေးဆိုတာ တစ်ကြိုမေးခွန်း မသိရတဲ့ စာမေးပွဲပါပဲ။
ပတ်ဝန်းကျင်ရဲ့ သွေးထိုးစကားတွေနဲ့ ကျွန်မတို့တွေ ဝေးကွာသွား နိုင်သလို…မလိုတမာစကားတွေ အောက်မှာ ကျွန်မတို့ရဲ့ချစ်ခြင်းတွေ အေးခဲသွားနိုင်တာပဲ မဟုတ် လား။ အဲဒီလိုပဲ ဒေါသ၊ နာကြည်းမှု၊ မာန၊ အာဃာတတွေက ကျွန်မတို့ရဲ့ဘဝတွေကို အချိန်မရွေးနင်းခြေ ပစ်လိုက်နိုင်တာပဲ။ အနာရှိရင် ဆေးသိရမယ်လို့များ ဆိုခဲ့ကြ ရင်တော့ အဲဒီဆေးက ”အချစ်၊ ယုံကြည်မှုနဲ့ နားလည်ခြင်း” ကလွဲပြီး ဘာမှမဖြစ်နိုင်ဘူးလို့ တွေးမိတဲ့အခါ ပြီးပြည့်စုံတဲ့ ဝါရင့်သူတော်စင်တစ်ပါး ရဲ့ လျှာနဲ့သွားလို ငြိမ်း ချမ်းအေးမြတဲ့ အိမ်ထောင်ရေးမျိုး မြင်ဖူးချင်၊ ကြုံဖူးချင်လာခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ”လင်နဲ့မယား လျှာနဲ့သွား” ဆိုရိုးရှိတယ်မဟုတ်လား။     ။
အဖြူရောင်(ရွှေ)
yatimagazine  (March,2012)

Tuesday, 14 February 2012

နေရာ



    ခြေထောက်နှစ်ဖက်ကလည်း စည်းချက်မှန်မှန်နင်းရင်း၊ ဘယ်လက်က လက်ကိုင်နဲ့ဘရိတ်ကိုတွဲကိုင်ရင်း၊ ညာလက်က ဘဲလ်ကို အဆက်မပြတ်တီးရင်း ဆိုက်ကားကိုကျော်တက်ပြီးချိန်မှာ ၂၆ (B) လမ်းမကြီးကို လှမ်းမြင်နေရပြီ။
    လက်တွေ၊ ခြေတွေတင်တဲ့လား။ ပွိုင့်က အချက်ပြမီးကို လှမ်းမျှော်ကြည့်ရင်း လမ်းကြောထဲရောက်အောင် လမ်းရှင်း၊ မရှင်းကြည့်ရင်း သက်ထားမေ မျက်လုံးတွေကလည်း အငြိမ်မနေရ။ ၉ နာရီအတိ နန်းရှေ့ကိုရောက်ရမှာ။ အခုပဲ ၈ နာရီ ၄ဝ မိနစ်ရှိနေပြီ။ ဟိုရောက်ရင် အဆင်ပြေစွာ စကားပြောနိုင်ဖို့ ဦးနှောက်ကလည်း စကားလုံးတွေ စီစဉ်ရွေးချယ်ရသေးရဲ့။ သူက ဘယ်လိုမေးမလဲ။ မေးနိုင်ခြေရှိတဲ့မေးခွန်းတွေအတွက် အဆင်ပြေချောမွေ့မယ့်အဖြေတွေကို စိတ်ကူးဖန်တီးနေမိသည်။
    နင်းထား သက်ထားမေရေ ...နင်းထား။ စက်ဘီးစီးတယ်ဆိုမှတော့ နင်းနိုင်မှ။ မနင်းနိုင်တဲ့ တစ်နေ့လဲမှာပဲ။ သက်ထားမေရဲ့ဘဝကကော ဘာထူးသေးလဲ။ ဟောဒီစက်ဘီးကလေးလို နင်းနိုင်မှ တော်ကာကျမှာလေ။                    
    ရပ်တန့်လိုက်တာနဲ့တစ်ပြိုင်နက် လဲကျတော့မှာမဟုတ်လား။
    ၂၆ (B) လမ်းကနေ ၆၆ လမ်းကို ချိုးကွေ့လိုက်ပြီးချိန် လမ်းမပေါ်မှာ သက်ထားမေ တစ်ယောက်တည်း။ ကားတစ်စီး တလေကလွဲလို့ လူရှင်းနေသည်။ ဟိုးအဝေးဆီမှာ မန္တလေးတောင်၊ လမ်းလယ်ကျွန်းပေါ်က တမာပင်တွေ၊ နောက် ကျုံးရေပြင်။ အဲဒီရေပြင်ပေါ်က ဖြတ်တိုက်လာတဲ့လေနုအေး။
    ချာလပတ်ရမ်းနေတဲ့အတွေးတွေကြားကပဲ သဘာဝရှုခင်းတွေက သက်ထားမေရဲ့အာရုံတွေကို ညှို့ငင်နေသေးရဲ့။ အချိန်တိကျစွာ ရောက်လိုဇောတစ်ခုတည်းနဲ့ စက်ဘီးကိုတအားကုန်နင်းလာလိုက်တာ ဆောင်းမနက်မှာကိုပဲ ချွေးစို့နေလေသည်။  လေထုကိုထိုးဖောက်ပြီးနင်းနေတဲ့အရှိန်နဲ့ ချွေးကလေးစိုစို ခန္ဓာကိုယ်က ပတ်ဝန်းကျင်ကြီးနဲ့ လိုက်လျောညီထွေ အေးမြနေသည်။ ဒါပေမယ့် သက်ထားမေခေါင်းထဲမှာ ရှုပ်ထွေးဆဲ။ ရင်ထဲမှာပူနေဆဲ။
    ၉ နာရီထိုးဖို့ မိနစ်ပိုင်းအလိုမှာ သက်ထားမေ အလုပ်ဝင်ရမယ့်ဆေးခန်းကလေးကို မြင်နေရပြီ။ တော်ပါသေးရဲ့။ အလုပ်ဝင်ဖို့ အင်တာဗျူးဖြေမယ့်လူကနောက်ကျနေရင်ဒုက္ခ။
    စက်ဘီးကို ဒေါက်ထောက်ရပ်ရင်း မျက်နှာစာ အခန်းကလေးကို ဝေ့ကြည့်အကဲခတ်ဖြစ်သည်။ သစ်သားဆက်တီတစ်စုံ၊ ဖိုင်ဘာခုံတွေ၊ ဆေးဘူးမျိုးစုံထည့်ထားတဲ့ဘီရိုတွေ၊ အဲဒီဘီရိုပေါ်မှာ နိုင်ငံခြားအရက်ပုလင်းတစ်လုံးနဲ့ ပွင့်အာနေတဲ့နှင်းဆီပန်း ပွင့်ကြီး၊ နိုင်ငံကျော်ဗေဒင်ဆရာတစ်ဦးရဲ့ယတြာကိုအမှတ်ရမိတော့ သဟဇာတဖြစ်မနေတဲ့အခြေအနေကို ရယ်မောပစ်လိုက်ချင်သည်။ အေးလေ ... သက်ထားမေကကော ဘာထူးလဲ။ လုပ်ရမယ့်အလုပ်နဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သဟဇာတ ဖြစ်တာ၊ မဖြစ်တာထက် လောလောဆယ်အရေးကြီးတာက ပရိယေသနဝမ်းစာပဲမဟုတ်ပါလား။
    ဆေးခန်းကလေးက လူရှင်းတိတ်ဆိတ်လို့။ ဟိုဟိုဒီဒီဝေ့ဝဲကြည့်ကာ တစ်စုံတစ်ယောက်ကိုရှာခိုက် ခြံထောင့်တစ်နေရာ က မြက်ပင်တွေက အမြင်အာရုံထဲကို ဝင်လာလေသည်။ သြော် ...ဒီမြက်ပင်တွေ သက်ထားမေရဲ့ဘဝတစ်ကွေ့တစ်ချိုးမှာ အရေးပါခဲ့တဲ့မြက်တွေ။ အဲဒီမြက်ပင်တွေပေါ့။
    ''သက်ထားမေ ဆိုတာထင်ရဲ့''
    တိုင်းတစ်ပါးသံပေါက်သော အသံစူးစူးကြောင့် သက်ထားမေရဲ့အတွေးတွေ တိခနဲပြတ်တောက်လျက် အသံလာရာသို့ ကြည့်မိသည်။
    ''ကျွန်မ သက်ထားမေပါ။ ဦးတင်ထွန်းနဲ့ ၉ နာရီမှာ ချိန်းထားလို့ပါ''
    ''လာ ...လာ ...စကားပြောရတာပေါ့''
    အသက်ရွယ်ရွယ်၊ နှာခေါင်းချွန်ချွန်၊ အသံစူးစူး၊ မျက်မှန်ထူထူနှင့် လူနောက်သို့လိုက်ပါရင်း ဝန်းကျင်ကိုအကဲခတ်မိ တော့ ဘီရိုတချို့နှင့် စားပွဲ၊ ကုလားထိုင်တစ်စုံရှိရာအခန်းတွင်းဝင်သွားလေသည်။ ထိုင်ခုံမှာထိုင်မိတော့ ...
    ''ဒီမှာ ဒီအလုပ်ကိုလျှောက်တဲ့လျှောက်လွှာစာရင်း။ မင်းက Msc. မို့ မင်းကိုပဲခန့်ဖို့ တို့တွေတိုင်ပင်ထားတယ်။             လျှောက်လွှာကတော့ တစ်ရာကျော်တာပေါ့။ လုပ်ရမယ့်အလုပ်က အပြင်က ဆေးကောင်တာထိုင်ရမယ်။ လူနာတွေလိုတဲ့         ဆေးကို  ဆရာဝန်လက်မှတ်အတိုင်းထုတ်ပေးရမယ်။ လောလောဆယ်တော့ ဆေးနာမည်အရင်ကျက်ရမယ်။ Msc. Brain       ပဲ လွယ်မှာပါ။ OK တယ်နော်''
    ''ဟုတ်ကဲ့။ အလုပ်ချိန်က ဘယ်အချိန်စလဲမသိဘူးနော်။ နောက် စည်းကမ်းချက်တွေကော ...''
    ''မနက် ၈ နာရီကနေ ညနေ ၅ နာရီထိပေါ့။ လခက ဒီလကစပြီး ၅ဝဝဝ ကျပ်။ ဂိတ်ဆုံးကတော့ ၁ဝဝဝဝ             ကျပ်ပေါ့။ မင်းရဲ့လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီးတိုးပေးမှာပဲ။ နောက် စာချုပ်ချုပ်မယ်။ သုံးနှစ်စာချုပ်....''
    မြတ်စွာဘုရား ၃ နှစ်ကြီးများတောင်တဲ့။
    ''နက်ဖြန် (သို့) သဘက်ခါ ကြိုက်တဲ့ရက်ကိုစဆင်းနိုင်တယ်။ လောလောဆယ် ဆေးနာမည်ကျက်တာတို့၊ ပရက်ရှာ         တိုင်းနည်းတို့ လိုအပ်တာတွေသင်ပေးမယ်။ ဟုတ်ပြီလား''
    အသံစူးစူးထိုပုဂ္ဂိုလ်ကိုနှုတ်ဆက်ပြီးထွက်လာတော့ ခြံထောင့်ရဲ့ခြံစည်းရိုးဘေးကမြက်ပင်တွေဆီ အကြည့်ရောက်မိပြန် သည်။ သြော် ... ဒီမြက်တွေအတွက် အချိန်တွေပေးဆပ်ခဲ့ရတာ နှစ်နှစ်ကျော်။ တကယ်တမ်းစဉ်းစားကြည့်တော့လည်း အဲဒီမြက်ပင်တွေကိုအသုံးပြုပြီးရလာမယ့် ''အောင်မြင်မှု''    ...အဲဒီအောင်မြင်မှုကိုယစ်မူးရင်း မြက်တွေနဲ့နပန်းလုံးရင်း ကုန်လွန်ခဲ့တဲ့အချိန်တွေ၊ ငွေကြေးတွေ....။
    သက်ထားမေဟာ ဘာဖြစ်လို့များ စာတော်နေခဲ့ရသလဲ။ ဘာဖြစ်လို့များ နှစ်တိုင်းဂုဏ်ထူးတွေနဲ့အောင်ခဲ့သလဲ။ အဲဒီအောင်မြင်မှုအပေါ်မှာ မူးယစ်ရီဝေစွာနဲ့ ဘာကြောင့်များဂုဏ်ယူတပ်မက်ခဲ့ရသလဲ။ တစ်ခါမှားယွင်းခဲ့ရတဲ့ဆုံးဖြတ်ချက်အပေါ် သက်ထားမေ ကိုယ်တိုင်တင်မဟုတ်..သက်ထားမေရဲ့ မိဘမောင်နှမ တွေပါ မောပန်းမွန်းကျပ်စေခဲ့တာပဲ။
    ''မိထား ...နင်ဟာလေ ကိုယ့်အတွက်ပဲကြည့်တဲ့တစ်ကိုယ်ကောင်းသမား။ မိဘကိုလည်းမကြည့်ဘူး။ မိသားစုကိုလည်း         မကြည့်ဘူး။ ကျောင်းသူလုပ်စားနေတဲ့ကောင်မ''
    အမှန်တရားဟာ ခါးသီးသတဲ့။ စကားလုံးရင့်ရင့်တွေနဲ့ အမှန်တရားကိုပြောခဲ့တဲ့ကိုလေးကိုလည်း မုန်းသည်။ အမှန်တရား ဆိုတာကြီးကိုလည်းမုန်းသည်။
(၂)
    အပြန်လမ်းတစ်လျှောက် အလာခရီးထက် ပိုသာရင်မောမိပြန်သည်။ ကျုံးဘေးမှာ လေလေးတဖြူးဖြူးနဲ့ စက်ဘီးစီး နေရသည့်တိုင် အာရုံတို့က ပူလောင်ဆဲ။ ကျောင်းသူဘဝတုန်းကတော့ ကျုံးဘေးစက်ဘီးစီးရတာကို အပျော်ဆုံး။ အဲဒီတုန်းက တော့ သက်ထားမေရဲ့ အခက်အခဲဆိုတာ ကျောင်းစာပဲ။ ရှပ်အင်္ကျီလေးငါးထည်နဲ့ ကျောင်းတစ်နှစ်ပြီးခဲ့တဲ့သက်ထားမေက အောင်စာရင်းမှာ ဂုဏ်ထားတစ်ခုပြုတ်ကျခဲ့မှာ ကိုပဲ အသေအလဲကြောက်တတ်ခဲ့တာ။
    ကျောင်းအားချိန်တိုင်း သူငယ်ချင်းတွေနဲ့ ကျုံးပတ်ကြစမြဲ။ စိတ်လိုလက်ရရှိချိန်တွေမှာ ကျုံးဘေးသစ်ပင်အောက်က သစ်ရွက်ကြွေတွေလုကောက်ပြီး နည်းတဲ့လူက စက်ဘိးတင်နင်းကြေး။ ပျော်ခဲ့ကြတာ။ စာမေးပွဲနီးလို့ လူတိုင်းစာကျက်ချိန်မှာ စိတ်အေးလက်အေး ကျုံးဘေးမှာစာလာကျက်မြဲ။
    အခုတော့ သက်ထားမေသိပ်ချစ်တဲ့ ကျုံးရေပြင်ကိုလည်းမငေးနိုင်တော့။ မြို့ရိုးအုတ်နီနီတွေကိုကြည့်ပြီးတော့လည်း အတွေးမပွားနိုင်တော့။ ကျောင်းသူဘဝ ပန်းစုံတောကြီးကနေ ဘဝဆိုတဲ့ချောင်းကြီးထဲခုန်ချလိုက်ရပြီပဲလေ။
    ၇၃ လမ်းမကြီးပေါ်ကနေ အဆောင်ရှိရာလမ်းငယ်ကလေးထဲချိုးကွေ့ပြီးချိန်မှာ ဒီလအတွက် အဆောင်လခမပေးရ သေးတာ အမှတ်ရသည်။ အဆောင်မှာနေလာတာ ၅ နှစ်ကျော် ၆ နှစ်နီးပါးဆိုတော့ အဆောင်ရှင်အန်တီနဲ့ဆွေမျိုးလို ဖြစ်နေပြီ။ လဆန်းရက်တိုင်းပေးနေကျအဆောင်လခ နောက်ကျတတ်ခဲ့တာ ၅ လ၊ ၆ လ ရှိရောပေါ့။
    အခန်းပြန်ရောက်တော့ အင်္ကျီတောင်မလဲနိုင်။ ပင်ပန်းချည့်နဲ့စွာ ခုတင်ပေါ်ပစ်လှဲမိတော့သည်။ ကဲ ...သက်ထားမေ ရေ ...ညည်းမှာရွေးစရာလမ်းမရှိတော့ဘူးနော် ...
    အခုလောလောဆယ် အလုပ်တစ်ခုတော့အမြန်ရမှကိုဖြစ်မည်။ မန္တလေးမြို့မှာအလုပ်မရှိဘဲ ဘယ်လိုနေမလဲ။ အိမ် ပြန်ဖို့တော့ လုံးဝစိတ်မကူး။ အိမ်ပြန်တော့ကော မမကြီး၊ ကိုလေးတို့မိသားစု။ ဟင့်အင်း ...သက်တထားမေဟာ အလုပ်မရှိ၊ မှီခိုသူအဖြစ်နဲ့ ဘယ်တော့မှမပြန်နိုင်ဘူး။ မပြန်ချင်ဘူး။

( ၃ )
    တတိယနှစ် ဂုဏ်ထူးတန်းကို ဂရိတ် ၅ နဲ့အောင်ခဲ့ချိန် အဖေ့ရဲ့ဂန္ဓမာပန်းခင်းတွေကလည်း ရောင်းလို့မကုန်နိုင်ခဲ့။ အဖေ့ရဲ့အားပေးစကားတွေနဲ့  F1 ဆက်တက်ဖြစ်ခဲ့သည်။ F1 ကျတော့လည်း သက်ထားမေက ဂရိတ် ၅  ပဲ။
    ကဲ ...ကိုယ့်ရဲ့ဝီရိယအကျိုးနဲ့ရလာခဲ့တဲ့ပန်းပွင့်ကလေး အလှကြည့်နေဖို့ထက် မြတ်နိုးယုယစွာပဲ ပန်ဆင်လိုသည် လေ။
    ဆရာမ အချို့ရဲ့အားပေးစကား။ နောက် ရင်သွေးရဲ့တက်လမ်းကို မြေတောင်မြှောက်ပေးလိုတဲ့ အဖေ့ဆန္ဒ။
    နှစ်နှစ်ဆိုတာ ဘာမှမကြာပါဘူးလေ။ ဒီနှစ်နှစ်
Thesis လုပ်ပြီးချိန် အလုပ်ရမှာနဲ့အကိုက်ပါပဲ။ အဲဒီအချိန်ကျရင် အဖေနဲ့အမေ့ကို သမီးက အိမ်ဦးခန်းတင်ကျွေးမှာပါ။ အတတ်နိုင်ဆုံး ချွေတာပြီးကြိုးစား လုပ်ပါ့မယ်။
    အာမခံစကားတွေဝေဝေဆာဆာပြောပြီး ပျော်ရွှင်ခဲ့တဲ့ကာလတွေ။ သက်ထားမေဟာ ပညာကို လောဘတကြီး ရှာဖွေ လို့နေခဲ့။ တစ်ဖန် ပြန်လည်လက်ဆင့်ကမ်းဖို့ကိုလည်း အမျှော်လင့်ကြီးမျှော်လင့်ခဲ့။ ချစ်တဲ့ ကျောင်းတော်ကြီးမှာခိုလှုံရင်း တက္ကသိုလ် ဆရာမဘဝကို ရင်ခုန်တပ်မက်ခဲ့။ ဒါပေမယ့် သက်ထားမေ မေ့လျော့သွားခဲ့တာက ကံကြမ္မာဆိုတာကိုပဲဖြစ်လေသည်။
    သက်ထားမေရဲ
Thesis ခေါင်းစဉ်က 'ပြင်ဦးလွင်မြို့ပတ်ဝန်းကျင်မှ မြက်မျိုးရင်းများ' အစပိုင်းကတေှာ့ကစနမလငျသမ နှင့်တိုင်ပင်ကာ အိမ်မှာနေပြီး ပထမဆင့်လုပ်ငန်းတွေလုပ်နှင့်သည်။ လိုအပ်တော့မှ မန္တလေးမှာအဆောင်နေမည်ပေါ့။ သက်ထားမေကThesis အတွက် စတင်အလုပ်ရှုပ်စဉ်မှာပဲ အိမ်ရဲ့အဓိကစီးပွားရေး ဂန္ဓမာပန်းခင်းကြီး ပိုးကျခဲ့လေသည်။ အသုံးပြုသောဓာတုဗေဒဆေးများ မှားယွင်းမှုဖြင့် အဖတ်ဆယ်မရနိုင်ခဲ့သောပျက်စီးမှု၊ ၄ နှစ်သက်တမ်းအတွင်း ပထမအကြိမ် ဆုံးရှုံးရခြင်း၊ အိမ်အခြေအနေ ကသောင်းကနင်းဖြစ်လာတာနဲ့အတူ သက်ထားမေရဲ့Thesis  ကိစ္စ၊ သက်ထားမေရဲ့ ရည်မှန်း ချက်အဆောက်အအုံ အက်ကြောင်းထင်လာရတော့သည်။
    တစ်ပြိုင်တည်းပါပဲ။ မန္တလေးတက္ကသိုလ်က 
Part Time Tutor တွေခေါ်သည်။ သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်၊ စာရေးပြီးခေါ်၊ လူကိုယ်တိုင်လာခေါ်။ ဟင့်အင်း ...။
    သူငယ်ချင်းတွေ 
Part Time Tutor ဖြစ်ချိန်မှာ သက်ထားမေက ပြင်ဦးလွင်မှာပဲရှိနေခဲ့သည်။ မန္တလေးမြို့မှာ Part Time Tutor လခနှင့် ဘယ်လိုမှမလုံလောက်နိုင်။ အိမ်ကစီးပွားရေးအဆင်မပြေဖြစ် ချိန်မှာ Part Time Tutor အလုပ်အတွက် အပူမကပ်လို တော့။
    တစ်ချိန်ချိန်တော့ သက်ထားမေလိုချင်တာရရမှာပေါ့။ စောတာနဲ့နောက်ကျတာပဲကွာလိမ့်မယ်။ အဲသလိုအားတင်းရင်း
Thesis ပထမနှစ်ကို အိမ်ကိုကူရင်း အချိန်ကုန်ခဲ့သည့် Thesis အတွက်လိုအပ်တဲ့ကိစ္စတွေ၊ Microscope ကြည့်ဖို့တွေ၊ ပြင်ဦးလွင်၊ မန္တလေး နေ့ချင်းပြန်သွားရင်းအပင်ပန်းခံခဲ့။ တစ်ဖက်ကမြက်မျိုးရင်းတွေခွဲခြမ်းစိတ်ဖြာရင်း ..
    ပြင်ဦးလွင်ရဲ့ပတ်ဝန်းကျင်မှာ လယ်စိုက်ခင်းတွေကြားမှာ လမ်းနံဘေးမြက်တော၊ ကိုင်းတောတွေကြားမှာ၊ အဖေ့ ပန်းခင်းတွေရဲ့အစပ်မှာ မြက်ပင်တွေနှုတ်ရင်း၊ အမျိုးအစားခွဲရင်း သက်ထားမေ အလုပ်ရှုပ်ခဲ့ရတာတွေ။
    မန္တလေးမှာ မနေမဖြစ်လာနေရတော့ကော ဒီမြက်ပင်တွေကို ဓာတ်ပုံရိုက်၊ စာကြမ်းစီ ဆရာမဆီသွားပြ၊ နောက်
Speemen အတွက် မြက်ပင်တွေလိုက်နှုတ်၊ Press လုပ်၊ အခြောက်လှန်း၊ ကတ်ထူပြားတွေမှာကပ်။ စဉ်းစားကြည့်ရင် Thesis စာအုပ်တစ်အုပ်ဖြစ်ဖို့ M.Sc ဘွဲ့တစ်ခုရဖို့ရင်းနှီးခဲ့ရတာတွေ။

( ၄ )
    အဲဒါတွေအားလုံး ပြီးခဲ့တဲ့လက အကုန်ပြီးခဲ့တဲ့လက အကုန်ပြတ်သွားသည်။ စာအုပ်အကြမ်းရပြီ။ စာအုပ်အကြမ်း ရပြီဆိုတော့ 
Viva ထိုင်ဖို့စီစဉ်ရပြန်ရော။ Supervisor ဆီသွား၊ Professor ဆီသွား၊ External Examinar ဆီသွား၊ ရက်ချိန်း တောင်း၊ ရက်ချိန်းရပြီးတော့ Viva ထိုင်ရင်ကုန်ကျမယ့်ငွေ ဘယ်မလဲ။ အနည်းဆုံးတစ်သောင်းခွဲလောက်လက်ထဲရှိမှ ပြေး ...သက်ထားမေ ပြေး...ပြင်ဦးလွင်ကို ...
    ''ဘာပြောတယ် မိထား။ တစ်သောင်းခွဲ ဟုတ်လား။ နေပါဦး။ ညည်းကိုပေးတဲ့ငွေတွေဘယ်ရောက်ကုန်လဲ။ အိမ်မှာ             အဆင်မပြေရတဲ့အထဲ ညည်းသိတတ်ဖို့ကောင်းပြီ''
    ''မဟုတ်ဘူးမမကြီး။ သက်ထားအဆောင်လခနဲ့။ စားတာနဲ့ ဒီစာအုပ်ကိစ္စ၊ ဓာတ်ပုံဖိုးတွေ၊ မိတ္တူကူးခတွေ၊ စာရွက်             ထုပ်ဝယ်ရတာတွေ အဲဒါတွေအကုန်လုံး အဖေပေးတဲ့ပိုက်ဆံနဲ့လောက်အောင် ...''
    ''သြော် ...အေး အေး။ ညည်းက ဖအေဒုက္ခပေးလို့ဝ,တော့ ငါ့ကိုဒုက္ခလာပေးတာပေါ့ ဟုတ်လား။ ငါတစ်လလုံး             အာပြဲအောင်သင်မှ တစ်ထောင်ကျော်လေးရတာ။ ညည်းတစ်သောင်းခွဲ ငါကဘာပိုက်ဆံနဲ့ပေးရမှာတုံး။''
    ''ဒီ
Viva ပြီးရင်ပြီးပါပြီမမကြီးရယ် ...မမကြီးကူညီရင်ဖြစ်ပါတယ်။ အဖေ့ကိုသနားလို့ သက်ထား မတောင်းရက်ဘူး။         သက်ထားကိုချေးတယ်ပဲသဘောထားပါ။ အလုပ်ဝင်ရင် ပြန်ဆပ်ပါ့မယ်''
    Msc. ဘွဲ့တစ်ခုနဲ့ အလယ်တန်းပြဆရာမဘဝမှာ ရောင့်ရဲတင်းတိမ်သောမမကြီး။ ရေဆန်ကိုမလိုလားသော မေတ္တာရှင် အဖေ့ကြောင့် လခ၊ ကျူရှင်ကြေးရသမျှအားလုံးကို အသားတင်စုထားနိုင်သူ။ ရပ်ကွက်တွင်း ရင်းနှီးယုံကြည်ရာမိသားစုများကို အပ်နှံ၍ အတိုးပွားစေခဲ့သူ။ ထို မမကြီး၏ပြတ်သားသောဆုံးဖြတ်ချက်အောက်မှာ သက်ထားမေရဲ့တစ်ခုတည်းသော အဝါရောင်ဖျော့ လည်ဝတ်တန်ဆာက ငွေအဖြစ်အသွင်ပြောင်းခဲ့လေသည်။
    ကျောင်းသူလုပ်စားနေတာ......
    နားထဲမှာပဲ့တင်ထပ်လျက် အိပ်မပျော်ညတွေကိုဖန်တီးနေခဲ့တာ။ ကဲ ...ဒီလိုဘဝမျိုးမှာ မြက်ပင်တချို့ရဲ့ဘဝဖြစ်စဉ် တွေ၊ ဓာတ်ပုံတွေပါတဲ့စာအုပ်ထူထူတစ်အုပ်ရယ်..Msc. ဘွဲ့တစ်ခုရယ်ပိုက်ပြီး အိမ်ကိုပြန်ရမလား။ ဟင့်အင်း။
    သတင်းစာထဲက အလုပ်ခေါ်စာရှေ့ချပြီး Msc.ဘွဲ့ကြီးကို အားနာငိုင်တွေနေခဲ့ရတဲ့ရက်ပေါင်းများစွာ၊ သတ်မှတ် အရည်အချင်းတွေကကော ကွန်ပျူတာတဲ့၊ LCCIတဲ့၊ တရုတ်စာ စကားတဲ့။ အင်္ဂလိပ်ဘာသာ ရေးပြောကျွမ်းကျင်မှုတဲ့။
    တစ်ဆောင်တည်းအတူနေ အရောင်းမြှင့်တင်ရေးမန်နေဂျာသူငယ်ချင်းကတော့ ...
    ''မမထား ..ကွန်ပျူတာနဲ့ LCCI တက်။ ကျွန်တော်ရအောင်ရှာပေးမယ်''
    သူငယ်ချင်းသာပြောရ။ သက်ထားမေထက် တစ်နှစ်ကျော်ကျော်ငယ်သေးရဲ့။ အဝေးသင်တစ်ဖက်နဲ့ ကွန်ပျူတာကျွမ်း ကျင်သူ၊ စာရင်းအင်းနဲ့ အုပ်ချုပ်စီမံပညာပြည့်ဝသူ၊ တရုတ်ဘာသာကို ပိုင်နိုင်စွာရေးနိုင်ပြောနိုင်သူ။ နောက် လစာကောင်း သောရာထူးကို ပိုင်ဆိုင်သူ။
    ဟင့်အင်း ...သက်ထားမေက. Msc. ဘွဲ့ရပြီးချိန်မှာ ခြေကုန်လက်ပန်းကျခဲ့ပြီ။ အဲဒီသင်တန်းကြေး နေနေသာသာ အဆောင်လခကို မှန်အောင်မသွင်းနိုင်သူ။ ကောက်ညှင်းပေါင်းတစ်ထုပ်နဲ့ မနက်စာ၊ နေ့လည်စာပေါင်းစည်းနေရသူ။ ညစာ ထမင်းတစ်နပ်ကို တစ်ခါတလေ ကြက်သွန်ချဉ်နဲ့ ဒါမှမဟုတ် မုန့်ဟင်းခါးတစ်ပွဲနှင့် ပြီးမြောက်နေရသူ။
    စက်ဘီးကလေးလိုပါပဲလေ။ မနင်းနိုင်ရင် လဲတော့မှာ။

( ၅ )
    ရပ်တည်မှု ... ဘဝရပ်တည်မှု၊ အခုအချိန်မှာ ကျူတာနောက်ဆက်တွဲစာရင်းတွေထွက်လာရင် သက်ထားမေ ပိုပြီးတော့ ရင်မောရလိမ့်ဦးမယ်။
    ၉၈ နှစ်ဦးပိုင်းက တက္ကသိုလ်တွေကသရုပ်ပြရာထူးတွေခေါ်တော့ 
Part Time သမားတွေဦးစားပေးခန့်ခဲ့သည်။ သက်ထားမေရဲ့အခြေအနေကိုက မန္တလေးမြို့ကမခွာနိုင်။ တစ်ရပ်တစ်ကျေးမှာ အလုပ်ဝင်ဖို့ကုန်ကျစရိတ်မတတ်နိုင်။ ခရီးစရိတ် မရှိခဲ့လေတော့ တစ်အုပ်စုတည်းသူငယ်ချင်းတွေ တက္ကသိုလ်အသီးသီးမှာ ဆရာမ ဖြစ်ချိန်၊ သက်ထားမေက အလုပ်တစ်ခုကို ကယောင်ကတမ်း ရှာဖွေရင်း ကျူတာနောက်ဆက်တွဲစာရင်းကိုပဲ နားစွင့်မိတော့သည်။
    တစ်ဆောင်တည်းအတူနေ အင်္ဂလိပ်စာဌာနက ကျူတာပေါက်စ မမအေးကတော့ ...
    ''ငါ့ဟယ် လခလည်းထုတ်ရော ဟိုဖြတ် ဒီဖြတ်နဲ့ တစ်ထောင်ကျော်လေးကျန်တယ်။ လက်ထဲမှာတောင်မနွေးပါဘူး။             အန်တီ့ကို အဆောင်လခပေးလိုက်ရရော။ အဖေ၊ အမေလွမ်းတာတောင် အိမ်မပြန်ရဲဘူး။ မျက်နှာပူလို့။ ဖုန်းဆက်တောင်းလိုက်၊         စာရေးတောင်းလိုက်နဲ့ ချမ္မာရီဖြစ်ဖြစ်၊ ဟောလ်ဖြစ်ဖြစ် မြန်မြန်ရမှအသက်ရှူချောင်မှာ''
    သက်ထားမေကတော့ သက်ပြင်းပဲအကြိမ်ကြိမ်ချရင်း ဝေခွဲမရနိုင်စွာ။ ကြိုတင်နိမိတ်ကလေးတောင်မရိပ်မိနိုင်ရတဲ့ လမ်းခွဲတွေဟာ သက်ထားမေရရှိတဲ့ ဘုရားသခင်လက်ဆောင်တွေပဲလား။
    ကိုယ်ဖြစ်ချင်ရာ ဆန္ဒတစ်ခုကို ရေရှည်အထိဘက်စုံမတွက်ဘဲ 'ပဝါနှစ်စအသာချရတဲ့' ဘဝကို ရူးသွပ်မိုက်မဲမိခဲ့သူ၊ ကိုလေးပြောခဲ့သလို 'ကိုယ့်အခြေအနေကိုမတွက်ဆတတ်ခဲ့သူ'။ ဒါပေမယ့် ကိုလေးရေ ...ကံကြမ္မာဆိုတာ သက်ထားမေ တွက်တတ်ခဲ့တဲ့ပုစ္ဆာတစ်ပုဒ်မှမဟုတ်တာနော်။

( ၆ )
    အလုပ်ဝင်ရမယ့်နေ့။
    အနာဂတ်ဆိုတာ၊ အတိတ်ဆိုတာကိုကြိုးစားမေ့လျော့ရင်း ၅ဝဝဝ ကျပ်စားအလုပ်သမားသက်ထားမေ။
    စက်ဘီးကိုဒေါက်ထောက်ရပ်အပြီးမှာ အလုပ်ခွင်ဝင်ဖို့ရယ်ဒီပါပဲ။ ပြုံးရွှင်ဖော်ရွေသော နှာခေါင်းအတန်ငယ်ချွန်သည့် ခပ်ရွယ်ရွယ်ဆရာဝန်က မော့ကြည့်ရင်း ...
    ''မင်းကလူသစ်နော်''
    ''ဟုတ်ပါတယ်''
    ''ဟုတ်ပြီ။ လာခဲ့ ...လာခဲ့''
    ''ဟောဒါက သွေးသွေးတဲ့။ မင်းနဲ့အတူတွဲလုပ်ရမှာ။ ဘာတွေလုပ်ရမလဲ သူပြောပြလိမ့်မယ်။ သွေးသွေး၊ ဒါက သက်ထားမေ။         ဒီနေ့ အလုပ်စ,ဝင်တာ''
    ဘုရားရေ ...ဘယ်လိုမျက်ဝန်းတွေလဲ။ ဘာဆိုဘာမှမရှိသော ပကတိအဖြူရောင်မျက်ဝန်းတွေ။ နွေးထွေးခြင်း၊ အေးစက်ခြင်း၊ လှိုက်လှဲခြင်း၊ ငြူစူခြင်း ဘာမှမရှိ။ သည်ဆေးခန်းထဲမှာ နေ့စဉ်ရက်ဆက် အလုပ်တွဲလုပ်ရမည့် အလုပ်ဖော်က သူတဲ့လား။
    သူမက နာရီကိုတစ်ချက်ငုံ့ကြည့်ရင်း ....
    ''အတော်ပဲ အရင်ဆုံးဆေးထိုးအပ်ဖြုတ်နည်းသင်ပေးမယ်။ လာ ...''
    ပြောပြောဆိုဆိုအတွင်း စင်္ကြံကလေးမှတစ်ဆင့် အခန်းငယ်ကလေးထဲဝင်သွားသည်။
    ''ဒါက စပါယ်ရှယ်ခန်းလေ။ ဒီမှာ ရိုးရိုးခန်း ၆ ခန်း၊ စပါယ်ရှယ်ခန်း ၄ ခန်းရှိတယ်။ ဆေးခန်းလာပြပြီး ပုလင်းကြီး             ချိတ်ဖို့လိုတဲ့သူတွေ၊ နားဖို့လိုတဲ့သူတွေအတွက် ဆေးခန်းသက်သက်ပဲ။ ဆေးရုံမဟုတ်ဘူး။                     ဆရာဝန်တွေဆေးသွင်းပေးသွားတာကို ကိုယ်တို့ကစောင့်ကြည့်ပြီး ပိုက်ဖြုတ်၊ သိမ်း လုပ်ရတယ်.....
    .....ဒေါ်မြခင်တို့ သန့်ရှင်းရေးအဖွဲ့ရှိသေးတယ်။ ဒါပေမယ့် သီးသန့်ခန်းထဲကို ဒေါ်မြခင်တို့ မဝင်ရဘူး။ ပြီးတော့ ''
    စကားရှည်ကြီးကိုဆက်တိုက်ပြောကာ ခဏနားပြီးတော့ ...
    ''ဆရာဝန်တွေလည်း မလိုအပ်ရင်မဝင်ဘူး။ အထူးသဖြင့်
SD 1, SD 2 နှစ်ခန်းကို ...''
    ''ဘာဖြစ်လို့လဲ''
    လူနာဆီသွားလက်စ ခြေလှမ်းတို့ကို တုံ့ခနဲရပ်၊ နောက်ပြန်လှည့်ပြီး သက်ထားမေ မျက်နှာကိုစိုက်ကြည့်ကာ ...
    ''ဒီအခန်းတွေမှာ တီဘီနဲ့ ကူးစက်ရောဂါတွေထားတာ''
    ကျောရိုးဆီမှာ စိမ့်ခနဲနေအောင်ကြောက်လန့်သွားရင်း မင်သက်နေမိတော့သည်။
    သွေးသွေးကတော့ သက်ထားမေကို မျက်ရိပ်ပြရင်း လူနာလက်မှအပ်တွေ၊ ပိုက်တွေကို ဖြုတ်ပြလေသည်။ နောက် သွေးစို့နေသောအပ်ပေါက်ရာကလေးကို ဂွမ်းစထူထူခံကာ ပလာစတာကပ်ပေးသည်။
    ဖြုတ်လိုက်သောအပ်မှ တစ်စက်စက်ကျနေသောဆေးစက်များက ကြမ်းပြင်ပေါ်မှာ။ အဲဒီဆေးရည်တွေကို တစ်ရှူး ပေပါနှင့်ပွတ်တိုက်ကာ စောစောက အပ်တွေ၊ ပိုက်တွေနဲ့အတူ အမှိုက်ခြင်းထဲထည့်၊ ခြင်းကို ယူပြီး အခန်းပြင်သို့ထွက်သွား သည်။
    တိတ်ဆိတ်လျင်မြန်စွာထွက်သွားသောသွေးသွေးကိုကြည့်ကာ သက်ထားမေက အခန်းအလယ်မှာ ကြောင်တောင်တောင် ကျန်ရစ်လေသည်။ သတိဝင်စွာ ကမန်းကတန်းကြည့်မိတော့ လူနာခုတင်ပေါ်မှာ စားမတတ်၊ ဝါးမတတ်ကြည့်နေသောမျက် ဝန်းတစ်စုံ။ ပြီတီတီအကြည့်နဲ့ ထိုလူပါးစပ်အဟ,မှာပဲ သက်ထားမေက ဆေးကောင်တာရှိရာ အရှေ့ခန်းဆီသို့ အမြန်ပြန်ခဲ့တော့သည်။
    ''ချောင်းဆိုးသွေးပါ'' ရောဂါဆိုးကြီးတွေနဲ့အတူ မမြင်ရတဲ့ရောဂါပိုးတွေကို ကြောက်လန့်စွာ အသက်တောင် ပြင်းပြင်းမရှူရဲ။ သွေးသွေး ပြောပြတဲ့ဆေးနာမည်တွေလိုက်မှတ်ရင်း ရင်ထဲမှာ ပျို့လာလေသည်။
    တခြားအလုပ်တွေထက် တစ်ထောင်ကျော်၊ ထောင့်ငါးရာလောက်ပိုရတဲ့ ၅ဝဝဝ ဆိုတဲ့လခရဲ့နောက်ကွယ်မှာ ပေးဆပ် ရမယ့်အရင်းအနှီးက ကြီးလှချည်လား။ ရောဂါကူးစက်ဖို့ ရာနှုန်းများများသေချာနေတဲ့အလုပ်။ အပ်တစ်ချက်ခြစ်မိရုံနဲ့ ကူးနိုင်တဲ့ ကူးစက်ရောဂါတွေ။ နောက်သန့်ရှင်းရေးအလုပ်သမားသာသာ အလုပ်ကိုရေရှည်လုပ်နိုင်မှာတဲ့လား။
    တွေဝေမိတဲ့သက်ထားမေ ကိုယ့်အခြေအနေကိုလည်းသိပါရဲ့။ ဒါပေမယ့် အတ္တကရုဏာတွေနဲ့ မာနကလေးက အညွန့် တလူလူထောင်လာပြန်သည်။
    ကြည့်စမ်း ... ဒါပညာတတ်တွေရဲ့နေရာမှမဟုတ်တာ။ အချိန်တိုင်းအားထုတ်ကြိုးပမ်းမှုအပြည့်နဲ့ ကြိုးစားလာခဲ့ ရတဲ့ပညာတွေ။
    ......Msc. မို့ မင်းကိုပဲခန့်ဖို့ တို့တိုင်ပင်ထားတယ်.....
    ဦးတင်ထွန်းရဲ့စကားကို ပြန်လည်ကြားယောင်မိချိန်မှာ သက်ထားမေ နေရာမှထ,ဖြစ်သည်။ သက်ထားမေဟာ ထမင်းစားဖို့အတွက် သိက္ခာတွေ၊ မာနတွေကို အရည်ဖျော်ပစ်ရလောက်အောင် သတ္တိမရှိသေး။ တော်သေးတာပေါ့။ အလုပ် တစ်ပတ်လောက်ဆင်းပြီးမှ စာချုပ်ဖို့ပြောခဲ့မိတာ။
Goodbye သွေးသွေး၊Goodbye  ဦးတင်ထွန်း၊Goodbye  ဆေးခန်းကလေး ရေ ...
    အနည်းငယ်ပြူးကြောင်သွားပေမယ့် ထုံးစံအတိုင်း အရိပ်မထင်သောမျက်ဝန်းတွေနဲ့ သွေးသွေးကမော့ကြည့်သည်။ ဖျော့တော့စွာပြုံးပြဖြစ်ရင်း ...
    ''ဦးတင်ထွန်း ရုံးခန်းက ဘယ်နားမှာလဲ''
    ''ဒီအချိန်သူတို့မရှိဘူး။ ညနေပိုင်းမှလာတာ''
    ''ဒါဆိုလည်း ကိုယ့်ကိုတစ်ခုလောက်ကူညီပါနော်။ ဒီအလုပ်ကိုလက်မခံနိုင်လို့ သက်ထားမေ ပြန်သွားပြီလို့ပြောပေးပါ''
    အဲဒီမျက်ဝန်းတွေရဲ့အရောင်ကင်းမဲ့မှုကို ရိပ်မိလာသလို ရှိရင်း ထပ်မံကြည့်ဖို့ တွန့်ဆုတ်စွာလှည့်ထွက်လာခဲ့မိတော့ သည်။
            ငိုရယ်ကြည်နူး
            လှိုက်မှုးဗျာပွေ
            ကြမ်းတွေခက်ခက်
            တက်သက်ရုန်းကန်
            ဘဝမာန်ဖြင့်
            အံကိုခဲ၍ နွှဲပါမည်။    ။
    မသင့်လျော်၊ မအပ်စပ်ရာနေရာတစ်ခုမှာ အံခဲထားတဲ့မျက်ဝန်းတွေပဲလား။ ဆရာမ ဒေါ်စိန်စိန်ရဲ့ ခရီးဝင်္ကပါ ကဗျာ လေးက သွေးသွေးမျက်ဝန်းတွေကို ကိုယ်စားပြုလေသလား။
    ပေးဆပ်ရမယ့်ကျေးဇူးတရားတွေ၊ ကုန်လွန်ခဲ့တဲ့ငွေကြေးတွေ၊ ပြန်မရနိုင်တော့မယ့်အချိန်တွေ၊ နောက် တင်ရှိနေတဲ့ တာဝန်တွေ၊ သက်ထားမေ က စီးပွားပျက်စပြုတဲ့မိဘနှစ်ပါးကို စောင့်ရှောက်ရဦးမယ်လေ။
    ဒါပေမယ့် သက်ထားမေက ပညာကို အရူးအမူးဖက်တွယ်မက်မောခဲ့ပြီး လောကရဲ့လှည့်ကွက်တွေအောက်မှာ ဒူးထောက် ရင်းပဲ ပညာတတ်တစ်ယောက်ရဲ့မာန်ကို မစွန့်လွှတ်နိုင်သူ။
    ဟိုတယ်တစ်ခုရဲ့ဧည့်ကြိုဌာနမှာအလုပ်ဝင်တုန်းကလည်း ဧည့်သည်ရဲ့အခန်းထဲအထိ အချိုရည်ပို့ခိုင်းခဲ့တာမျိုး၊ ထီဆိုင် ကြီးတစ်ခုမှာကျတော့လည်း ပိုင်ရှင်သောက်ပြီးသား၊ စားပြီးသားပန်းကန်တွေဆေးခိုင်းတာမျိုး။ အလုပ်နဲ့ပတ်သက်တဲ့တာဝန်ကျေမှုထက် ပိုလိုချင်ကြတဲ့ငွေရှင်တွေ၊ ငွေကြေးနဲ့လုပ်အားကို လဲလှယ်ရတာထက် ငွေကြေးနဲ့ သိက္ခာပိုင်းဆိုင်ရာကို လဲလှယ်လိုတဲ့ငွေရှင်တွေ၊ လစာပေးရတာချင်းအတူတူ Msc. တစ်ယောက်ကိုခန့်ပြီးမှ ဂုဏ်ယူချင်ကြတဲ့ငွေရှင်တွေ ...။
    လက်ရှိအနေအထားကလေးတည်မြဲဖို့ အလိုအပ်ဆုံးအရာက သိက္ခာ၊ မာန၊ စိတ်ဓာတ် တစ်ခုခုကို။ ဒါမှမဟုတ် အားလုံးကို ငွေကြေးနဲ့အလဲအထပ်လုပ်ရဲတဲ့သတ္တိ။
    ဟုတ်တယ်။ သက်ထားမေမျှော်လင့်ခဲ့တဲ့ 'နေရာ' ပဲဖြစ်ဖြစ်၊ ဘဝကပေးလာတဲ့ 'နေရာ' ပဲဖြစ်ဖြစ်၊ အခုအချိန်မှာ သက်ထားမေအလိုအပ်ဆုံးက 'နေရာ' တစ်ခုပဲမဟုတ်လား။ ဒီတစ်တခါရလာမယ့် 'နေရာ' အတွက် သတ္တိတွေကြိုတင်မွေးဖို့ပဲ လိုတော့တာမဟုတ်ပါလား .....။       ။

အဖြူရောင်(ရွှေ)
ရွှေအသစ် ဒုတိယ အကြိမ်၊
မတ်လ ၊ ၂ဝဝ၆ ခုနှစ် ။

Monday, 6 February 2012

ဒုက္ခဆိုတာ သုခရဲ့ကျောကပ်စာမျက်နှာ

မုဆိုးမဆိုတာ လင်သေမှဖြစ်တာမဟုတ်ဘူး ...လင်ကြီးငုတ်တုတ်ရှိနေသားရက်နဲ့လဲ မုဆိုးမ ဖြစ်တာပဲ ... လင်ရှိမုဆိုးမပေါ့။
(က)
    စဥ့်ခွက်ကလေးထဲက ရေဖျော်ထားတဲ့ နနွင်းတွေကို ကော်ယူပြီး လက်တွေကို လိမ်းလိုက် တော့ နနွင်းနံ့က ထောင်းကနဲထလာတယ်။
    ''ပေး..ပေး.. ငါလိမ်းပေးမယ်.. ညည်းက ဒါလေးကုန်အောင်သောက်''
    ဂျင်းပြုတ်ရည်ကို တရှုးရှုးမှုတ်သောက်ရင်းက မျက်ရည်တွေကျလာတယ်။ အမေကတော့  ကျောတွေ ဂုတ်တွေ နနွင်းလိမ်းပေးရင်းက
    ''နနွင်းဆိုတာ မိန်းမဆေးဟဲ့ .. ဒီလို.. ဒီလို အသားထဲဝင်အောင် ပွတ်လိမ်းရတယ်         ပါးကွက်တင်သလို လိမ်းနေလို့ ဘာအကျိုးထူးမှာလဲ''
    ပါးစပ်ကလည်းပြော လက်ကလည်း ဖိသပ်လိမ်းပေးနေတဲ့ အမေ့လက်တွေကပဲ ကြမ်းတာလား ... နနွင်းမှုန့်တွေကပဲ ကြမ်းတာလားတော့ မသိဘူး ကျောတွေကို ပူထူနေတာပဲ...  
    ''ကောင်းပါတယ် အေ...''
    လက်တွေက တရစပ်လုပ်နေသလို စိတ်ကိုလည်း မနေမနားခိုင်းနေတယ်နဲ့ တူပါရဲ့၊ ''ကောင်းပါတယ်''တဲ့ အမေဘာကိုကောင်းနေတာလဲ။ ဟိုစခန်းသစ်ကြီး ရှေ့ခုံတန်းလျားမှာ       ထိုင်ပြီး မီးခိုးတလူလူ လွင့်အောင် ဆေးလိပ်ဖွာနေတဲ့ ကိုသက်အောင်ကို အိမ်ထဲက လှမ်းမြင် နေရတယ်... ဂျူတီစောင့်နေတာလေ။ အေးချမ်းလိုက်တာ... သက်တောင့်သက်သာ ထိုင်နေတဲ့သူ့ အတွေးထဲ ဘာရှိနေမလဲ... လမ်းမပေါ်က သွားနေတဲ့ကားတွေကို ထိုင်ငေး မောပြီး  ဆေးလိပ်ငွေ့တွေ ထောင်းထောင်းထအောင် တစ်လိပ်ပြီး တစ်လိပ်ဖွာမယ်။ ဏ့ လာရင် ဖြေမယ်။ ဏ့ ဖြေပြီးရင် အဲဒီတန်းလျားမှာ ပြန်လာထိုင်မယ်။ ထမင်းစားချိန်ရောက်ရင် အိမ်ဘက် လှည့်ကြည့်ပြီး လက်ခုတ်တီး အချက်ပြမယ်။ အိမ်က ပို့ပေးတဲ့ ထမင်းတစ်ဇလုံစားပြီးရင် ဂျူတီ ဆက်စောင့်မယ်။ ညနေ ဂျူတီထွက်ရင်.. အညောင်းပြေခြင်းခတ်မယ်... ခြင်းဝိုင်းသိမ်းရင် ရေချိုးမယ်...ရေချိုးပြီးတာနဲ့ ဝယ်ပေးထားတဲ့ တစ်ပိုင်းကို တစ်ငုံလောက်မော့လိုက်၊ မကျည်းသီး အနှစ်နဲ့ ကြက်သွန်နီသုတ်ထားတာကို တစ်ဖက်လောက်ဝါးလိုက်နဲ့ စည်းစိမ်ခံတော့တာပဲ။ အဲဒီတပိုင်းကုန်တာနဲ့ ထမင်းစားနောက်တစ်နေကုန်ထိုင်ထားတဲ့ တန်းလျားမှာ သွားထိုင်ပြီး ညဂျူတီကျတဲ့လူနဲ့ စကားပြောမယ်။ လမ်းပေါ်က ကားတွေကို ကြည့်မယ်။ မိုးကြီး ချုပ်ပြီဆိုရင် အိမ်ပြန်လာပြီး အိပ်မယ် ...။
''ညည်းလင်ပြောသလိုပေါ့ ... ညည်းလင်က တကယ်ကို ဝမ်းသာနေတာ ဘာပဲဖြစ်ဖြစ် လူကြီးကို မထိခိုက်ရင် ပြီးတာပဲ အပြင်မှာက နှစ်ယောက်ရှိသေးတာ ... ငါ့မြေးတွေ ငါ့မြေး မဖြစ်ခင် ဝဋ်ကျွတ်သွားတာပေါ့... အင်း အပြင်နှစ်ယောက်က မိန်းကလေး တွေ...''ရှင့်အစ်မ'' မဖြစ်လိုက်ရတာတော့ နာသအေ မဟုတ် ...ဘာပဲဖြစ်ဖြစ် ... သားရဟန်း မရှိခဲ့တော့ မြေးရဟန်းတော့ ဖူးရပဟဲ့ အောင်းမေ့မိတာ''
အမေက ရဟန်းအစ်မ မဖြစ်ရလို့ 'နာ' သတဲ့... ယောက်ျားကတော့
''မင်းကွာ.. ငိုမနေပါနဲ့ ...ကလေးတွေက ငါတို့အကြောင်းသိလို့ ရောက်အောင်မလာပဲ လမ်းတစ်ဝက်က လှည့်သွားတာကွ ... သူတို့သိတတ်လို့တော်သေးတာပေါ့ ... မဟုတ်ရင်တော့လား..ကလေးတစ်ယောက်တောင်မနိုင်တာ နှစ်ယောက်ဆိုရင်တော့လား ဘာပြောကောင်းမလဲ မိယဉ်တို့ ထမိန်တောင် ကပ်မှာ မဟုတ်ဘူး.. ဟား ဟား ဟား
ငါကလည်း စဉ်းစားထားတာ ငါ့ယူနီဖောင်း ဘောင်းဘီတွေ မင်းပေးလိုက်တော့ မယ်လို့...  အခုတော့ မင်းလဲ သက်သာသွား တာပေါ့၊ ကောင်းတဲ့ဘက်က လှည့်တွေး စမ်းပါကွာ ...''
    ဘယ်လောက်ခက်ခဲလေးနက်တဲ့အရာပဲဖြစ်ဖြစ် ကိုသက်မောင် ပါးစပ်ထဲရောက်ရင် လွယ်လွယ်လေးဖြစ်သွားတော့တာ ... အဲဒါကြောင့်နဲ့တူပါရဲ့ သူနဲ့ ကျွန်မ (၁ဝ)နှစ်ကွာတယ် ပြောရင် လူတွေက မယုံချင်ကြဘူး။ သူ့အသက်နဲ့စာရင် သူ့ရုပ်က နုနေတာလေ ... စိတ်ပျိုတော့ ကိုယ်နုဆိုတာ ကိုသက်အောင်အတွက် ထားရစ်တဲ့ စကားပုံထင်ပါရဲ့။
(ခ)
''ငိုမနေပါနဲ့အေ ...ငိုနေလို့ ဘာထူးမှာလဲ ...ကိုယ့်ကျမ္မာရေး ကိုယ်ဂရုစိုက်မှ ဒါမျိုးက မီးနေသည်ထက်တောင် အရေးကြီးသေးတာ.. မီးနေသည် ဂရုစိုက်သလိုကို ဂရုစိုက် ရတာ... မနက်ဖြန်တော့ ချွေးအောင်းမှရမယ် ဒါမှ ခန္ဓာကိုယ်ထဲက အပုပ်အစပ်တွေ ကင်းမှာ ... ဟော စခန်းမှူးကတော်လာတယ်... ကြွပါ...ဆရာကတော် ..ကြွပါ''
ဘယ်တုန်းကပြန်ရောက်လဲ''
''အခုပဲ ရောက်တာလေ... ရောက်ရောက်ခြင်း ယဉ်ယဥ့်အကြောင်း သိရတာနဲ့ ပြေးလာ ခဲ့တာဖြစ်ရလေ ယဉ်ယဉ်ရယ် ဖြစ်မှဖြစ်ရလေ မမ... သေသေချာချာမှာထားရဲ့နဲ့.. ဂရုစိုက်မှပေါ့.. အေးလေ ဖြစ်ပြီးမှတော့ ဘာတတ်နိုင်တော့မလဲ.. လူကြီးကျန်းမာရေးပဲ ဂရုစိုက်ရတော့မှာ''
''အခုလဲ အဲဒါပဲ ပြောနေရတာ .. ငိုနေလို့ ထူးမှာမှ မဟုတ်တာ.. ယဉ်ယဥ့်အကြောင်းလဲ ဆရာကတော်သိတဲ့အတိုင်း.. သူမှ မလုပ်ရင် သူ့ကလေးနှစ်ယောက် ငတ်ရုံပဲရှိတာ၊ နားတော့ နားတော့ ပြောနေတာ ၁လလောက်ရှိပေါ့ .. ကျွန်မ,မလဲ ကိုယ်ခွဲက မရှိဘူး အဘိုးကြီးက မျက်စိခွဲထားတော့ စိတ်ပဲရောက်နိုင်တာ.. အခုမှ အားချင်း ထ,လာခဲ့ရတာ''
''ဟုတ်တာပေါ့ အဒေါ်ရယ်.. ကျွန်မလဲ အမေ နေမကောင်းဘူးဆိုလို့ သွားလိုက် ရတာ... မသွားခင်ကတည်းက ယဉ်ယဥ့်ကို မိခင်နဲ့ ကလေး ကျွန်မကိုယ်တိုင် လိုက်အပ်   ထားတာ။ အမွှာပူးလေးဆိုတာသိရကတည်းက ကျွန်မမှာ သူ့ကိုယ်စားပျော်လိုက်ရတာ၊ ယောက်ျားလေးတွေချည်းပဲဆိုတော့ ယဉ်ယဥ့်ကို အားကျလိုက်ရတာ။ ကျွန်မကော၊ အမျိုးသားကော ကလေးလိုချင်တာ တစ်ပိုင်းသေလို့ ဘယ်နည်းနည်းနဲ့မှ မရနိုင်တော့ ယဉ်ယဥ့်ပဲ ဂရုစိုက်ပေးနေ ရတာလေ ဒါနဲ့ နေပါဦး ဘယ်လိုက ဘယ်လိုဖြစ်ရတာလဲ...''
''အမလေး မပြောချင်ဘူး ဆရာမရေ မပြောချင်ဘူး.. ဒီပန်းရန် အလုပ်တွေဝင်မလုပ်ပါနဲ့ ပြောတာ မရဘူးလေ.. ကလေးမွေးရင် ကုန်မှာတွေတန်းစီလို့ နားလို့မဖြစ်ဘူး၊ လုပ်နိုင် တုန်း လုပ်မှဆိုပြီး လုပ်တာတဲ့လေ.. ကျွန်မရောက်တော့ ဘေးခန်းတွေက ဝိုင်းတိုင် ကြတယ်။ မိယဉ် သူတို့စကားလဲ နားမထောင်ဘူးတဲ့ သူ့လင်ကလည်း ဆရာကတော် သိတဲ့အတိုင်း''
    ''အို.. အမေကလည်း ...''
''အမလေးအေ .. အမေကလည်း လုပ်မနေနဲ့... ညည်းတို့အကြောင်း ဟောဒီ ပါတ်ဝန်းကျင်အားလုံးသိပြီးသား... ဘယ့်နှယ့်အေ.. ဒီလောက်အတွေးအခေါ် ကောင်းပြီး ဒီလောက်စကားပြောကောင်းတဲ့လူ နာမည် မကြီးလဲ နေပါ့မလား''
အမေ့စကားဆုံးတော့ စခန်းမှူးကတော် မမက အားရပါးရ အော်ရယ်တယ်။ ဟုတ်တာပဲ... ကိုသက်အောင်အကြောင်းက လူတိုင်းသိကြတာ .. လူကြား၊ ပါတ်ဝန်း ကျင်ကြား နေရမှတော့ သတင်းဆိုတာ မပျံ့ဘဲနေပါ့မလား။
''ကိုယ့်သဘောကိုယ်ဆောင်တဲ့ အိမ်ထောင်ရေးကိုး ဆရာကတော်ရဲ့ ကျွန်မတို့ကလည်း သူတို့အိမ်ထောင်ရေး ဝင်မပြောချင်ဘူး ဖြစ်လာ တော့သာ မနေနိုင် မထိုင်နိုင် ပြေးလာ ရတာလေ...အခုလဲ ဇီးပင်ကြီး သင်တန်းသွားရဦးမတဲ့.. သင်တန်းဆိုတော့လဲ သင်တန်းပေါ့ ဆရာကတော်ရယ်...မိယဉ်အတွက်ကတော့ မကျည်းသီးနှစ်နဲ့ ကြက်သွန်နီ စိမ်ပေးရတဲ့ တာဝန်လျော့တာပေါ့''
''အမေရယ်.. စခန်းမှာကလည်း သင်တန်းတို့ ရုံးချုပ်တွဲဘက်တို့နဲ့ ဂျူတီစောင့်မယ့် လူဆိုလို့ သူပဲကျန်တော့တဲ့ဟာ...''
    မမရှေ့ပြောနေတဲ့ အမေ့ကြောင့်သာ ဟန်လုပ်ပြောနေရတာ ကျွန်မစိတ်ထဲ နာနာ ကျည်းကျည်း ဖြစ်ခဲ့ရတာ ကြာပြီလေ။ အဲဒီနာကျည်းမှုမီးပုံကြီးက တရှိန်ရှိန်တငြီးငြီး တောက်လောင် နေခဲ့တာ နှစ်ရှည်လများပေါ့။ အခုတော့ ကိုယ့်ကံပဲလေဆိုတဲ့ လျစ်လျူရှုမှု ရေနဲ့ငြိမ်းပက်ခဲ့တော့ အရှိန်အဟုန်ကောင်းတဲ့ မီးတောက်ကြီး ငြိမ်းစပြုပြီ။
(ဂ)
''ဟုတ်ကဲ့ အမိန့်ရှိပါ ... ဘုရင့်နောင် မီးသတ်စခန်းက တာဝန်ကျ တပ်သား သက်အောင်ပါ''
    တက်ကြွတဲ့ လေသံက တာဝန်အတွက် အမြဲအဆင်သင့် ပါပဲလို့ မပြောရုံတမည်။ အထက်အရာရှိက ဆက်တဲ့ဖုန်းလား... ပေးသမျှတာဝန်ချက်ချင်း ထမ်းဆောင်လိုက်မယ်၊ မီးလောင်သတင်းပေးတဲ့ ဖုန်းလား.. တစ်မိနစ်အတွင်း သက်ဆိုင်ရာကို သတင်းပြန်ပို့ပြီး၊ ကိုယ်တိုင်လဲ မီးသတ်ကားပေါ်တက်ပြီးသား ဖြစ်ရမယ်။
    အဲလို တက်ကြွမှုတွေနဲ့ စ,သိခဲ့ရတာ။ ကျွန်မအဖေက အငြိမ်းစားကျောင်းအုပ် ဆရာကြီးလေ။ ဆရာကြီးသမီး ကျွန်မက တောမရောက် တောင်မရောက်၊ စာမတတ်ဘူးလား ဆိုတော့ တတ်တယ်၊ တကယ်တတ်ရဲ့လားဆိုတော့ မတတ်ဘူးဆိုတာလိုပဲ ဆယ်တန်း (၃)ခါကျနဲ့ ကျောင်းထွက်လိုက်ရတာ။ နောက်တော့ ဘုရင့်နောင်မီးသတ်စခန်းရဲ့ဘေးမှာ ကွမ်းယာရောင်းတဲ့ အဒေါ်ကို ကူလုပ်ရင်း ဘုရင့်နောင်ပွဲရုံတန်းထဲ ကွမ်းသီးလေးပြေးဝယ်ပေးလိုက်၊ ဆေးဘူးလေး ပြေးဝယ်ပေးလိုက်..နဲ့ ၁ဝ-တန်းလဲ ဆက်မဖြေဖြစ်တော့ဘူး။
    အဒေါ့်ဆိုင်ကိုခဏတဖြုတ် သွားကူလုပ်ရင်း မီးသတ်စခန်းနားမှာ နေရပါများတော့ မီးသတ်သမားတွေရဲ့ဘဝကို သိလာတယ်။ တစ်ရက်တော့ မီးလောင်ပြင်မှာ မီးသတ်ရင်း ဒါဏ်ရာ တွေရလို့ ကိုသက်အောင်ဆေးရုံရောက်သွားတယ်။ ကျွန်မတို့ဆိုင်နီးချင်းတွေစုပြီး ဆေးရုံကို လူမမာသွားမေးရင်း ပိုရင်းနှီးခဲ့ရတာ ... ဇာတ်လမ်းကလည်း အဲဒီမှာ စ,တော့တာပေါ့။
    ''အဲဒီလူက မီးသတ်ပိုက်ကို ဝင်လုတာ .. သူ့အိမ်က ကပ်ရက်ကိုး ..ဒါပေမယ့်  သူ့အိမ်က လေအောက်ရောက်ပြီး အုတ်တိုက်၊ သွပ်၊ မိုး အမာခံ .. သူ့အိမ်ဟိုဘက်မှာ ဘောလုံးကွင်း .. ဒီဘက်မှာက ဓနိမိုး၊ ထရံကာ အိမ်တွေတန်းစီနေတာ၊ ဒီဘက်ကိုသာ မီးကူး ရင် တစ်ရပ်ကွက်လုံး ပြာကျမှာလေ ... အဲဒါကို အဲဒီလူက သဘောမပေါက်ဘူး အတင်းပဲ မီးသတ်ပိုက်ဝင်လုပြီး သူ့အိမ်ကို ပက်တာ၊ ကျွန်တော်က အတင်းပြန်လုပြီး ပိုက်ဆွဲပြေးတာ၊ တော်သေးတယ်.. ရပ်ကွက်ကလူတွေက ကျွန်တော့်ကို ကူလို့... ကံကောင်းတာက လူညီပြီး ရေနိုင်တော့ တစ်ရပ်ကွက်လုံး မကူးတာပဲ ...''
    ''ပိုက်လုတဲ့လူရဲ့အိမ်ကော ...လွတ်လား''
''လွတ်တာပေါ့.. သူ့ဟာသူ ပျာနေလို့ စိုးရိမ်စိတ်များနေတာပါ။ တကယ်တော့ မီးကူး နိုင်ချေကို မရှိတာ။ ကျွန်တော်တို့ကျတော့ အတွေ့အကြုံအရ သိနေပြီလေ... အဲဒါကို နားမလည်တဲ့လူတွေက လျှောက်ပြောကြတာပေါ့ တကယ်တော့ အဲဒီလူတွေကို မီးလောင် ပြင်ရောက်မှ မြင်ဖူးတာ၊ ကိုယ့်အမျိုးလဲ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး မျက်နှာလိုက်နေ မှာလဲ... မီးသတ်သမားဆိုတာ မီးလောင်ပြင်ရောက်တာနဲ့ မီးငြိမ်းဖို့ပဲ အာရုံရှိ တော့တာ... မီးသတင်းကြားတာနဲ့ ရောက်တဲ့အရပ်ကပြေးလာ မီးသတ်ကားပေါ်တက်၊ မီးက ဘယ်မှာလောင်နေမှန်း သိတာမဟုတ်ဘူး။ ကားခေါ်တဲ့နေရာ ပါသွားရတာ မီးလောင်ပြင်ရောက်တာနဲ့ ရေပိုက်တန်းဆွဲရတာ အိမ်သော.. ကျောင်းသော.. ဆိုင်သော... မျက်နှာစိမ်းသော... မျက်နှာကျက်သော သိတာမဟုတ်ဘူး''
    ''သြော် ... သတိရပြီ ...ခင်ဗျားတို့ကို ရယ်စရာတစ်ခုပြောပြရဦးမယ်။ ဘုရင့်နောင် ဈေးရှေ့တိုက်ခန်းမီးလောင်တုန်းကပေါ့ မီးခိုးတွေက အရမ်းမွှန်နေတာလေ .. အဲလို မီးခိုးထဲမှာ နေလို့ အသက်ရှုမဝတော့ရင် မျက်နှာကို ရေနဲ့သပ်ချရတယ် လေထုထဲမှာ အောက်ဆီဂျင်မရှိတော့  ရေထဲက အောက်စီဂျင်ကို ခိုးယူရတာပေါ့၊ အဲဒီနေ့က မီးခိုးတွေ မှောင်မည်းလုံးထွေးနေတဲ့ အခန်းလေးထဲမှာလေ မီးခိုးက အပေါ်ကိုတက်တာဆိုတော့ ကြမ်းပြင်ပေါ်မှောက် တွားသွားပြီး ရေကိုရှာရတာ... အနီးဆုံးမှာ ဘာမှမမြင်ဘူး ရင်ပါတ်တွေတောင် အောင့်နေပြီ အဲဒါ စမ်းရင်း.. စမ်းရင်း ကြမ်းပြင်က တစ်တောင် လောက်အမြင့်မှာ ရေကန်လေးကိုတွေ့တယ်၊ လက်နှိုက်လိုက်တော့ ရေတွေ ....ဝမ်းသာ လိုက်တာဗျာ တကယ့်ကို ရွှေတွေ့တဲ့အတိုင်းပဲ ဘယ်ပြောကောင်းမလဲ မျက်နှာကို အဲဒီရေနဲ့ အကြိမ်ကြိမ်အထပ်ထပ်ပက်ရတာပေါ့ ရေနဲ့ပက်... အသက်ရှုငါးခါလောက် လုပ်လိုက် တော့မှ နည်းနည်းနေသာသွားတယ်။ နောက်လက်နဲ့လျှောက်စမ်းတော့ တံခါးဂျက်တစ်ခုကိုတွေ့တယ်။ အောက်ဂျက်ဖွင့်ပြီး  အပေါ်ဂျက်ကို စမ်းဖွင့်၊ တံခါးပွင့်ပြီး အပြင်ရောက်တော့မှ အသက်ဝဝရှုနိုင်တာ၊  အဲဒီ ရေကန်ကလေးကို မတွေ့ရင် ကျွန်တော် မီးခိုးမွှန်ပြီးသေတော့မှာ၊ သာမန်လူတွေက မီးခိုးငွေ့ထဲမှာ ၂-မိနစ်ပဲနေနိုင်တယ်လို့ ကျွန်တော့်ဆရာက ပြောဖူးတာ ကျွန်တော်တို့ကတော့ အတွေ့အကြုံ၊ အလေ့အကျင့် ပိုရှိတော့ သာမာန်လူထက်စာရင် မီးခိုးထဲမှာ ပိုကြာကြာနေနိုင်တာပေါ့ အဲဒါနဲ့ဗျာ... တံခါးပွင့်သွားတော့ အဲဒီတံခါးက အိမ်နောက်က အရေးပေါ်တံခါးလေ.. စောစောက ရေကန်က အိမ်သာထဲက ရေကန်ဗျ မီးငြိမ်းသွားတော့မှ ကျွန်တော့်မှာ တွေးတွေးပြီး အန်ချင်နေတာ့ ဟား ဟား ဟား''
    အဲလို စီကာပါတ်ကုံး အပြောကောင်းတဲ့ ကိုသက်အောင်နဲ့ စကားပြောရင်း... သူပြောပြ တတ်တဲ့ မီးလောင်ပြင်တွေကို စိတ်ဝင်စားရင်း ...အဖို အရှိုက် အလှိုက် အမောတွေကြားထဲ မြောခဲ့ရတာလေ။
    ''ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ ဘုရင့်နောင်မီးသတ်စခန်းက တာဝန်ကျတပ်သား သက်အောင်ပါ'' ဆိုတဲ့ အသံကိုကြားချင်လွန်းလို့ PCO က Phone ခေါ်ရတာ အမောပဲလေ...ဘာအကြောင်းကိစ္စမှ မရှိဘဲ သူ့အသံကြားချင်ယုံသက်သက် Phone ဆက်၊ သူ့အသံကြားပြီးတာနဲ့ Phone ပြန်ချပစ်လိုက် ရတာ နောက်တော့ သူတို့စခန်း Phone ကို တစ်ဖက်ခေါ်တဲ့လူရဲ့ နံပါတ်ပေါ်တဲ့ စက်ကလေး တပ်ထားတော့  မဆက်ရဲတော့ဘူး။
    မီးလန့်တတ်တဲ့ ရာသီမှာ မီးသတင်းကြားတာနဲ့ ရောက်ရာအရပ်ကပြေးလာ မီးသတ်ဝတ်စုံ အပေါ်ကထပ်ဝတ်ပြီး မီးသတ်ကားပေါ် အပြေးအလွှားတက်တတ်တဲ့ ကိုသက်အောင်က ကျွန်မရဲ့ မင်းသားဖြစ်လာပါတော့တယ်။
    အပေါ်အောက်တစ်ဆက်တည်း လိမ္မော်ရောင် အသက်ကယ်မီးသတ်ဝတ်စုံနဲ့ မီးရောင် အောက်မှာ လင်းတောက်ဝင်းပနေတဲ့ ကိုသက်အောင်ရဲ့ဟန်က တကယ့်ကို အားကိုးခိုလှုံချင်စရာ ခိုင်မတ်တောင့်တင်းတဲ့ အမိုးအကာကြီးတစ်ခုပေါ့။
    တစ်ခါတစ်ရံ  စစ်ရောင်တစ်ဆက်တည်းဝတ်စုံနဲ့ တက်ကြွပျာ်ရွှင်နေတဲ့ ကိုသက်အောင်ရဲ့ ပုံရိပ်တွေက ကျွန်မအတွက် စိတ်ကူးယဉ်လို့ မဆုံးနိုင်တဲ့ သူရဲကောင်းပုံရိပ်တွေပေါ့။
    မီးလောင်ပြင်က ပြန်လာပြီး မီးသတ်ကားပေါ်က ဆင်းလာတဲ့ သူ့ရဲ့ဟန်က အောင်ပွဲရ စစ်သူကြီးတစ်ယောက်လို ဝင့်ြ<ွကားထည်ဝါမှု့ အပြည့်၊ သူ့နားကို ဝိုင်းလာတတ်တဲ့ မီးသတင်း နားထောင်ချင်သူတွေရဲ့ ရှေ့မှာ ခြေဟန်လက်ဟန်အပြည့်နဲ့ ရှင်းပြ၊ ပြောပြနေတဲ့အခါ ဂုဏ်ယူ ဝင့်ကြွားစိတ်တွေနဲ့ သူ့လက်ကိုမှီခိုချင်ခဲ့တာ။
    နောက်တော့လည်း မဆွတ်ခင်ကတည်းက ညွတ်ချင်နေတဲ့ ကျွန်မအတွက် သူဟာ မီးသတ် သူရဲကောင်းကြီးအဖြစ်ကနေ တစ်ဦးတည်းမူပိုင် နှလုံးသားသူရဲကောင်းဖြစ်ခဲ့ရတာ... သူ့ကို ပိုင်ဆိုင်ခွင့်ရခဲ့တာဟာ ကျွန်မရဲ့ကံကောင်းမှုပေါ့လေ... အဲဒီကံကောင်းမှုကို လက်လွတ်မခံနိုင် အောင်ပဲ အရူးအမူးတွယ်ငြိစိတ်တွေနဲ့ မိဘတွေကို တော်လှန်ပုန်ကန်ခဲ့တဲ့ သမီးလိမ္မာကြီးပေါ့..။
ဟဲ့...မိယဉ်.. ညည်းလူက အပြောများလွန်းသအေ... ညည်းကလည်း ဦးနှောက် မပါတဲ့အတိုင်းပဲ... စဉ်းစားစမ်းပါဦးး... သူ့လစာနှစ်သောင်းကျော် ဟိုဖြတ် ဒီဖြတ်နဲ့ ဆန်ကြမ်းတစ်အိတ်၊ ဆီတစ်ပိဿာဖိုးပဲရှိတယ်... ဘယ်လိုနေထိုင်စားသောက်ကြမလဲ။
''အို အမေကလည်း နေစရာလိုင်းခန်းရမှာပဲ၊ သူ့လစာ ဆီနဲ့ဆန်ဖိုးရရင် ကျန်တာ ထပ်ရှာရမှာပေါ့...အခုလဲ သမီးငွေရှာတတ်နေတာပဲ၊ သူလဲ ဒီလိုမနေပါဘူး''
''အေး..ညည်းလူက မီးသတ်တာနဲ့ စကားပြောတာပဲ တတ်ပုံရတယ်... သူ့လိုပဲ သူများတွေ ဂျူတီချိန်ပြီးတာနဲ့ ဘေးဆိုင်တွေမှာ ဝင်လုပ်ကြတာ...ဟို စိုးထွန်းများ ဘယ်လောက်တော်လဲ အမြဲတမ်း ညဂျူတီပဲယူပြီး နေ့လည် လေထိုးကျွတ်ဖာဆိုင်ဝင် လုပ်လိုက်၊ ဘထ္ထရီဆိုင်ဝင်လုပ်လိုက်နဲ့... ညည်းလူကတော့ မရှိလဲ အေးအေး ...ရှိလဲ အေးအေး ယူနီဖောင်းလေးဝတ်ပြီး ဂျူတီစောင့်နေတာပဲ သူ့အလုပ်ထင်ပုံရတယ်''
''ဒါကတော့ အမေရယ်... သူနေလို့ရတဲ့အချိန်မို့လို့ နေတာပေါ့ အိမ်ထောင်သည် ဖြစ်လာရင် သူ့အလိုလို ပြောင်းလဲလာမှာ.. ဆွေမဟုတ်... မျိုးမဟုတ်... အသိအကျွမ်းမဟုတ်တဲ့ မီးလောင်ပြင်ကလူတွေကိုတောင် အားကျိုးမာန်တက်ရှိတာ၊ ကိုယ့်အိမ်ထောင်အတွက်ဆို ဒီထက်ပိုကြိုးစားမှာ.. အမေတို့စောင့်သာကြည့်''
    ''ကောင်းပါလေ့တော်... ကောင်းပါလေ့...ညည်းအဖေက သူ့ကျောင်းက ရုံးလုပ်သား မောင်သောင်းအေးကို မျက်လုံးထဲမြင်တာ၊ မောင်သောင်းအေးနဲ့ဆို ကျောင်းဆရာ အသိုင်းအဝိုင်း သူက ကလေးတွေကျူရှင်ပြ၊ ညည်းက ကျောင်းဈေးရောင်း အလုပ်လုပ်ရတာချင်းအတူတူ သက်တောင့်သက်သာ လုပ်လို့ရတယ်။ ကိုယ့်အဖေမျက်နှာလဲရှိတော့ လူနှိမ်မခံရဘူးပေါ့အေ။ အခု ညည်းအဖေက တစ်ခွန်းပဲပြောတယ် ''လူပြောမသန်၊ လူသန်မပြော''တဲ့။ ငါက မအေ နောက်ဆုံး တားမြစ်ခြင်းနဲ့ တားမြစ်နေတာ၊ မလိုက်နာတာတော့ ညည်းသဘောပေါ့အေ...''
(ဃ)
''ကျွန်မ     ရင်ဆိုင်ရဲပါတယ်။ အစ်ကိုရယ် ကျွန်မရင်ထဲမှာ အစ်ကို့အပေါ် ယုံကြည်မှု အပြည့်ရှိပြီးသား၊ မီးသတ်ကားပေါ်က ဆင်းလာတဲ့ အစ်ကို့ပုံတွေ ...အစ်ကို ပြောပြ တတ်တဲ့ မီးလောင်ပြင်က အခက်အခဲတွေ... အစ်ကိုနဲ့ ကျွန်မရဲ့ အိမ်ထောင်ရေးက မီးဟုန်းဟုန်းတောက်နေတဲ့ မီးတောက်ကြီးတွေငြိမ်းသတ်ရသလောက် မခက်ခဲပါဘူး.. ဟုတ်တယ်မလား...အစ်ကို''
''ကျွန်မလိုချင်တာက သစ္စာတရားပါပဲ... ကျွန်မ မိဘတွေကို အတိုက်အခံလုပ်ပြီး အစ်ကို့ကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မကို သစ္စာတရားပဲ ပြန်ပေးပါ။ ကျန်တာကတော့  ဒိုးတူပေါင်ဖက်ပေါ့အစ်ကိုရယ်... မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့ စကားက အလကားထားခဲ့တာမှ မဟုတ်တာ ကျွန်မလဲကြိုးစားမှာပေါ့''  
    ဆေးလိပ်မသောက်၊ ကွမ်းမစား၊ မိန်းမ မရှုတ်တဲ့ ကိုသက်အောင်က ညနေ..ညနေတွေမှာ တစ်ပိုင်းလောက်သောက်ပြီး ရယ်မော်ပျော်ရွှင်နေတတ်သူ၊ တစ်နေကုန်ဂျူတီစောင့်ပြီး ညဘက် အလှည့်ကျသည်ဖြစ်စေ..မကျသည်ဖြစ်စေ... သူ့ကို အကူအညီတောင်းရင် ညဘက်ပါ ဂျူတီစောင့်ဖို့ ဝန်မလေးတတ်သူ၊ ဖင်ပေါ့သူ... အဲဒါတွေက ကျွန်မယုံကြည် ကိုးစားခဲ့တဲ့ အရည်အချင်းလို့ မှတ်ထင်ယူဆခဲ့တဲ့ သူ့အလေ့အထတွေ။
''အစ်ကိုရေ ... အစ်ကိုရေ ...ထ,ပါဦး''
''ဟာ... ည(၁၂)နာရီကမှ ဂျူတီထွက်တာကွာ.. ကောင်းကောင်းကို မအိပ်ရဘူး''
''အင်းပါ...အင်းပါ... မူးလို့ပါ အစ်ကိုရယ် ချာချာလည်နေတာပဲ ရင်ထဲမှာလဲ လှိုက်နေတာပဲ...၊ ပိုက်ဆံရှိသေးလားဟင်... မွေးများ မွေးချင်တာလားမသိဘူး''
''ဟာ... လစာထုတ်သမျှ အကုန်ပေးလိုက်ပြီလေ... ဒီလိုလုပ်လေ ဒီလိုကိစ္စ  အစ်ကိုလဲ နားမလည်ဘူး... အမေတို့ဆီ ပြန်ပို့ပေးမယ်၊ အမေ့ဆီ ပြန်နေလိုက်နော် အမေရှိတော့ မင်းလဲ အားရှိတာပေါ့''
    ကိုယ်ဝန်(၇)လလောက်နဲ့ အမေ့အိမ်ပြန်ရောက်လိုက်တာ သမီးကြီးမွေးပြီးတဲ့အထိ။ လစာထုတ်ရင် လစာတစ်ဝက်လာပေးမယ်၊ တစ်ပါတ်တစ်ခါလာမယ်... သူလာရင် ထုံးစံအတိုင်း လှိုင်သာယာမီးက ဘယ်လို၊ သင်္ကန်းကျွန်းမီးက ဘယ်လို..အဲသလို မီးလောင်ပြင် အကြောင်းတွေ အားရပါးရပြောပြီးပြန်မယ်၊ သူကတော့ ဂျူတီစောင့်မပျက်၊ ခြင်းခတ်မပျက်ပေါ့လေ။
''မဖြစ်ဘူး..မဖြစ်ဘူး...ညည်းဒီလိုနေလို့မဖြစ်ဘူး အိမ်ထောင်သည်ဆိုတာ ကိုယ့် အိမ်ထောင်နဲ့ကိုယ်နေမှ မနက်ဖြန် အမေလိုက်ပို့မယ်၊ ညည်းလင်ကို ဏ့ ဆက်ပြီးပြီ''
    သမီးကြီး (၃)လရတော့ အမေက ဘုရင့်နောင်စခန်းဝင်းထဲက လိုင်းခန်းကို လိုက်ပို့တယ်။ သူကတော့ အမေတို့အိမ်လိုက်ပို့တုန်းကလည်း ပြုံးပြုံးပဲ... အမေက ပြန်လိုက်ပို့တော့လဲ  ပြုံးပြုံးပဲ။ မနက်လင်းလို့ ဂျူတီဝင်တော့လဲ ပြုံးပြုံးပဲ။ ကလေးငိုရင်လဲ ပြုံးပြုံးပဲ... နားညည်း တယ်ထင်ရင် စခန်းရှေ့ခုံတန်းလျားသွားထိုင်နေလိုက်တာပဲ။
    သူစကားတွေ ပြောလေလေ.. ကျွန်မ ရင်မောရလေလေ၊ သူပြုံးလေလေ.. ကျွန်မ မုန်းလေလေပဲ။ အခုတော့ ကျွန်မ မုန်းတတ်လာပြီ။ ချစ်တဲ့မျက်စိနဲ့ ကြည့်တုန်းက မြင်ရတဲ့ အစ်ကိုသူရဲကောင်းကြီးကို မုန်းတဲ့မျက်စိနဲ့ကြည့်လေတော့ အဖေပြောဖူးတဲ့ ''လူပြောမသန်...  လူသန်မပြော''ဆိုတဲ့ စကားပုံနဲ့ ထပ်တူထပ်မျှကြနေပါရော။ ကျောင်းသူဘဝတုန်းက ''ဧသ'' ဆိုတဲ့ ခရစ်ယာန်သူငယ်ချင်း မလေးရဲ့ကဗျာကို အမှတ်ရမိတယ်... ဘာတဲ့...
    ''ကျွန်မ ချစ်သူ
    အလကားလူ ...
    အဲဒီလူကို ချစ်
    ကျွန်မလည်း အလကားဖြစ်''...တဲ့
    ကျွန်မအလကားဖြစ်တဲ့အချိန်မှာ ကလေးတစ်ယောက် လူ့ပြည်ရောက်နေပြီလေ။ အမေကတော့ ခပ်ပြတ်ပြတ်ပဲ။ အရင်မယူခင်က ''ညည်းလူ''တဲ့၊ ယူပြီးသွားတော့ ''ညည်းလင်''တဲ့  နာမည်ကလေးတောင် လျှာဖျားပေါ်မတင်ခဲ့ဖူးပေမယ့် မိဘရဲ့ဝတ္တရားမပျက်ခဲ့ဖူးလေ။ သမီးကြီး  (၅)လလောက်ရောက်လာတော့ အလုပ်ထွက်လုပ်ဖို့စဉ်းစားရတယ်။ အရင်လို အဒေါ်ကွမ်းယာ ဆိုင်မှာ ကူရောင်းရအောင်လဲ အဒေါ့်ဆိုင်က အရင်လိုရောင်းအားကောင်းတော့တာမဟုတ်ဘူး။ မလှမ်းမကမ်းမှာ နှုတ်ရဲ လျှာရဲ ကလေးမတွေရဲ့ ကွမ်းယာဆိုင်တွေ မှိုလိုပေါက်လာတော့ အဒေါ့်ရဲ့ကွမ်းယာဆိုင်က မှန်မှန်လေးပဲ ...ရောင်းရတယ်ဆိုရုံလေ။ အဲဒီတော့ အဒေါ့်ဆီလဲ အပူမကပ်ချင်တော့ဘူး။
    ရာသီ သီးနှံလေးတွေစမ်းရောင်းကြည့်ပြန်တော့ မရောင်းတတ်တာနဲ့၊ အိမ်အတွက် ပစ္စည်းလေးလိုရင် အရင်းထဲက ဝယ်လိုက်နဲ့ အရင်းပြုတ်တာခဏခဏ။ အဲဒီအချိန်မှာပဲ ဘုရင့်နောင် မီးသတ်စခန်းကို  ခေတ်မီ မီးသတ်စခန်းဆိုတဲ့ခေါင်းစဉ်နဲ့ စခန်းသစ်ကြီး ပြင်ဆောက်ဖို့ အမိန့်ကျလာပြီး၊ စခန်းသစ်ဆောက်ဖို့အတွက် စခန်းဟောင်းကိုဖြိုလိုက်တယ်၊ စခန်းသစ်ကြီး ဆောက်ဖို့ အလုပ်သမားတွေရောက်လာပြီး ဆောက်လုပ်ရေးပစ္စည်းတွေပါ ပုံနေပြီ။ ကျွန်မ စဉ်းစား ရပြီလေ.. ကျွန်မက ပညာအရည်အချင်းလဲမရှိ... အရင်းအနှီးလဲမရှိတဲ့အပြင် ကလေး တစ်ကောင်နဲ့ဆိုတော့ အလုပ်လုပ်ဖို့အတွက် အဆင်မပြေနိုင်ဘူးပေါ့။ ဒါပေမယ့်ကုန်ကျစရိတ် တွေက ရပ်မနေဘူးမဟုတ်လား။ သူနဲ့ကျွန်မနှစ်ယောက်ထဲတုံးက ထမင်းဆီဆမ်းစားလို့ရခဲ့ပေမယ့် သမီးရှိလာတဲ့အချိန်မှာ ထမင်းကလေး ဟင်းကလေးအပြင် မုန့်ပဲသရေစာဖိုးကလေးပါလိုလာ ပြီလေ။ နောင်ရေးဆိုတာရှိလာပြီလေ ကိုသက်အောင်ကို ဒီိအကြောင်းတွေပြောတော့
''မင်းပဲ...မီးသတ်သမားကို သဘောကျလှချည်ရဲ့ဆို၊ အေး...ငါကလည်း မီးသတ်တာ အပြင် တခြားဘာမှ မလုပ်တတ်ဘူး။ လုပ်လဲ မလုပ်ချင်ဘူး။ ငါ ၁၄-နှစ်သားကတည်းက  အရံမီးသတ်ထဲဝင်လာတာ... မင်းနဲ့မတွေ့ခင်ကလည်း မီးသတ်သမားပဲလုပ်ခဲ့တာ၊ မီးသတ်လုပ်ငန်းထဲ စိတ်ရောကိုယ်ပါနှစ်ပြီး ငါ့ဘဝကြီးတစ်ခုလုံး မြုတ်ထားခဲ့တာ... ငါမင်းအပေါ် သစ္စာမဖောက်ဘူး။ မင်းကိုမနှိပ်စက်ဘူး။ ရသမျှလခမင်းကိုအပ်တယ်။ အရက်သောက်တာလည်း ငါ့အချိန်အဆနဲ့ ငါသောက်တာ။ ငါ့ကြောင့် ဘယ်သူမှ ဒုက္ခ မရောက်ရဘူး.. ဒါဆိုရင် မင်းကျေနပ်ပေါ့ကွာ.. ငါမတတ်နိုင်တာ၊ ငါမလုပ်နိုင်တာကို အတင်းအကျပ်မပြောနဲ့ကွာ...ငါက နားအေးပါးအေးနေချင်တဲ့လူ...''
    ဇာတ်လမ်းက ပြတ်ရော၊ တခြားအိမ်ထောင်သည်လို ရွှေတွဲလွဲ .. ငွေတွဲလဲ မနေရချင် နေပါစေ။။ ကလေးတစ်ယောက်ကိုတော့ သူ့အတိုင်းအတာနဲ့ သူ ဖြည့်ဆည်းပေးချင်တာပေါ့။ သူက အဲလိုစကားကုန်ပြောတော့ အဖေပြောတဲ့ ''လူပြောမသန် လူသန်မပြော''ဆိုတဲ့ စကားကိုပဲ     ပြန်ကြားယောင်မိတဲ့အပြင် အမေ့ကို နှုတ်လှန်ထိုးခဲ့မိတာတွေပါ သတိရမိတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်မတို့ဖြစ်ပျက်သမျှ အဖေတို့ အမေတို့ မသိမချင်တော့ဘူး။
    ကျွန်မတို့နေတဲ့ ဘုရင့်နောင်ဆိုတာ အဖေတို့အိမ်ရှိရာ ရေဥက္ကံနဲ့ နီးနီးလေးလေ။ ဒါပေမယ့်  မသွားဖြစ်ဘူး။ ကျွန်မတို့အကြောင်းတွေ သိမှာစိုးရိမ်စိတ်နဲ့ အဖေအမေကို မျက်နှာပူ၊ အားနာ စိတ်တွေက အဖေတို့အိမ်မသွားဖြစ်အောင် တားဆီးနေတယ်လေ။
(င)
    ချော့ပြောလဲမရ..ခြောက်ပြောလဲမရ... မြှောက်ပြောလဲမရတဲ့သူ့ကို ပြောနေမယ့်အစား ကိုယ်တိုင်ပဲ ငွေရှာဖို့ စိတ်ကူးမိတော့တယ်။ ကျွန်မအနေနဲ့က သမီးလေးရဲ့အမေဖြစ်နေတာနဲ့တင် ဘယ်သူ့မှ တွယ်ကပ်စရာမလိုသလို... ဘယ်သူ့မှ ယှဉ်ပြိုင်စရာမလိုဘူးလေ။ အဲဒီဆုံးဖြတ်ချက်နဲ့ အတွေးက ကျွန်မကိုရဲရင့်စေပါတယ်။ ကျွန်မ သူ့ကိုဘာမှ မတိုင်ပင်တော့ဘူး။ မနက်စောစောထ, ချက်ပြုတ်၊ လျှော်ဖွပ်ပြီးချိန်မှာ လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်ပြီ။ ပထမနေ့တုန်းက အုတ်နီခဲရွက်လိုက်၊ ကလေးငိုရင် နို့ကလေးပြေးတိုက်လိုက်၊ ကလေးအိပ်တော့ အုတ်နီခဲပြန်ရွက် လိုက်ပေါ့။ အုတ်နီခဲတွေရွက်တဲ့အရှိန်နဲ့ ဇက်ခိုင်ပြီး( ၄ )ရက်လောက် ခေါင်းမလှည့်နိုင်ဘူး...''
''အိုး...အစ်မရဲ့ အစ, ရက်မလို့ပါ၊ မနားလိုက်နဲ့ နားလိုက်ရင် ပိုဆိုးသေးတယ်။ ကျွန်မကလေးက အစ်မထက်တောင် ငယ်သေး... ဒီလိုလုပ်ရတာပဲ၊ ဆရာက သဘောကောင်းပါတယ်... ကလေးမအေတွေကို သနားတတ်တယ်။ ညောင်းလို့၊ နာလို့ရပ်လိုက်ရင် ပိုနာတယ်။ ကျိတ်မှိတ်ပြီး ဆက်သာလုပ် နှစ်ရက်လောက်ဆို ဥု သွားမှာ''
    လုပ်ဖော်ကိုင်ဖက်တွေရဲ့အားပေးစကားနဲ့ ပန်းရံလူကြမ်းဖြစ်ခဲ့တာ သမီးကြီး(၆)လ ကတည်းကပေါ့။ ပင်ပန်းပေမယ့် အိုးမကွာ အိမ်ကွာလုပ်ရတဲ့     အလုပ်ဆိုတော့ အဆင်ပြေတယ်ပဲ အောင်းမေ့ရတာပဲ။ ကိုသက်အောင်ကတော့ သူစိတ်လိုလက်ရရှိချိန်မှာ သမီးကို ကူထိန်းပေးမယ်၊ တစ်ခါတစ်ရံ ထမင်းဟင်းဝိုင်းချက်ပေးမယ်။ ဒါပါပဲ။ ကျွန်မအတွက်တော့ သမီးရဲ့အဖေ ဖြစ်နေ တာရယ်.. တည်မိတဲ့ ဘုရားဆိုတာလို အခုယူလိုက် ... အခုကွဲလိုက်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မချချင်တာရယ် ...သူ့အရိပ်ကို မှီခိုရတဲ့အိမ်က မခွာဖြစ်ခဲ့ဖူးလေ။
    အဲဒီလိုနဲ့ ဒုတိယသမီးလေး ကိုယ်ဝန်ရှိလာခဲ့တယ်... ဒီတစ်ခေါက်တော့ အတွေ့အကြုံ ရှိလာတာရယ်။ စိတ်ဓါတ်ခွန်အား ပြည့်လာတာရယ်၊ နှစ်မျိုးပေါင်းပြီး ချောချောမောမောပဲ မွေး ဖြစ်တယ်။ အမေကလည်း အဒေါ်ကတစ်ဆင့် အားလုံးသိပြီးသားဆိုတော့ ထွေထူးပြီး ဘာမှ မပြောတော့ဘူး၊ မီးနေလာစောင့်ပေးတဲ့ တစ်လမှာ ကိုသက်အောင်ကိုလဲ နာမည်လုံးဝမခေါ်ပဲ ''ဒီမှာ'' တစ်လုံးတည်းနဲ့ပြီးတော့တာ။
    သမီးကြီးနဲ့ သမီးငယ် ဆော့နေတာမြင်ရရင် ကျွန်မအမောပြေတယ်။ ဒါပေမယ့် လောကဓံ ဆိုတာကို တော်တော်ကြောက်နေခဲ့တယ်။ ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ကျွန်မဆီမှာ လုံးလုံးပုံကျနေမှန်း ကျွန်မတင်မကဘူး၊ ပါတ်ဝန်းကျင်တစ်ခုလုံးသိနေခဲ့တာကိုး၊ ကိုသက်အောင် ကတော့ မီးသတ်ကားပေါ်ကဆင်းပြီး မီးသတင်းနားထောင်သူတွေကို အာပေါင်အာရင်းသန်သန် နဲ့ ရှင်းပြနေတုန်း၊ အတူပါသွားတဲ့ တခြားရဲဘော်တွေ ပိုက်ဆေး၊ ရေမိုးချိုး၊ အဝတ်အစားလဲ။ ထမင်းစားပြီး အနားယူချိန်ကျမှ အခန်းပြန်ရောက်တတ်တုန်း .... ဘာမှအပြောင်းအလဲ မရှိပေါ့လေ။

    သမီးနှစ်ယောက်နဲ့တင် ရပ်ချင်ခဲ့တာပါ... ဒါပေမယ့် ကျန်းမာသန်စွမ်းပြီး ဘာရောဂါ မှမရှိတဲ့ အသက်(၂၈)နှစ်အရွယ် မိန်းမတစ်ယောက်ကို သားကြောဖြတ်ခွင့် 'ချ'မပေးခဲ့ဘူး၊ အကြောင်းပြချက် တစ်စုံတစ်ရာမရှိပဲ သားကြောဖြတ်ခွင့်မရှိဘူး...ဥပမာ သက်ကြီးကိုယ်ဝန် ဆောင်ပေါ့၊ နှလုံးရောဂါပြင်းထန်သူပေါ့... အကြောင်းပြချက်တစ်ခုခုရှိရမယ်၊ အဲဒီ အကြောင်း ပြချက်ထဲမှာ ''ဆင်းရဲခြင်း''ဆိုတာမပါဘူး။ ကလေးတစ်ယောက်ကို လူတန်းစေ့ မကျွေးမွေး၊ မစောင့်ရှောက်နိုင်ပါသဖြင့်... ကလေးအဖေရဲ့တစ်လဝင်ငွေဟာ ဆန်တစ်အိတ်၊  ဆီ၁ပိဿာ ဖိုးသာရှိပါသဖြင့်... ဗိုက်ထဲက ကလေးမီးဖွားရင် အပြင်က ကလေးတွေစောင့်ရှောက်မယ့်သူ မရှိပါသဖြင့် ... အိမ်ထောင်ဦးစီးရဲ့ လျစ်လျူရှုမှုအောက်မှာ အိမ်ထောင်ဦးစီးတာဝန်များကို ပူးတွဲထမ်းဆောင်နေရပါသဖြင့် ...။
    လောကကြီးက ရယ်ဖို့ကောင်းပါတယ်။ အဲဒီအမှန်တရားစကားသစ္စာတွေကို ရင်ထဲမှာပဲ သိမ်းထားခွင့်ရှိတယ်။ ပါတ်ဝန်းကျင်ကိုလဲ ပြောချင်ပြောခွင့်ရှိတယ်... ဒါပေမယ့် အကြောင်း ပြခွင့်မရှိဘူးလေ၊ ဒါတွေသာ အကြောင်းပြခွင့်တစ်ခုနေနဲ့ သားကြောဖြတ်ခွင့်ရခဲ့ရင် ကျွန်မ စိတ်အေးလက်အေး သမီးနှစ်ယောက်နဲ့ ကမ္ဘာတည်နိုင်ပြီပေါ့။ ကိုသက်အောင် ဘယ်လို သဘောထားသည်ဖြစ်စေ ...ကျွန်မ သမီးနှစ်ယောက်ကို  သူတို့အဖေရဲ့ အရိပ်အောက်မှာ ကျွန်မလုပ်အားနဲ့ လူတန်းစေ့ထားနိုင်မှာ... ဥပမာ သူ့အဖိုးလိုပညာနဲ့ အသက်မွေးတဲ့ ကျောင်းဆရာမလေးတွေဖြစ်တဲ့အထိပေါ့။
    အခုတော့ သမီးနှစ်ယောက်အတွက် ရင်လေးနေတုန်း နောက်ထပ်ကိုယ်ဝန်ရလာခဲ့တယ်။ စခန်းမှူးကတော် မမက ဝမ်းသာအားရလေ... သူကိုယ်တိုင် မိခင်နဲ့ကလေးစောင့်ရှောက်       ရေးကို လိုက်ပြပေးတယ်၊ သေသေချာချာ အပ်ပေးတယ်။ ပြီးတော့ မမက သူ့အိမ်မှာပဲ ဆရာနဲ့ မမရဲ့ဝေယျာဝစ္စတွေလုပ်ခိုင်းပြီး ပန်းရံထဲမလိုက်ခိုင်းတော့ဘူး။ ကလေးမရှိတဲ့ မမတို့ လင်မယားရဲ့ ဝေယျာဝစ္စတွေက နေ့တပိုင်းလုပ်ရင်ပြီးတာလေ... မမက တစ်နေ့တစ်ထောင်ပေးတယ်။ သူ့အိမ်မှာ မနက်စာ စားခိုင်းပေမယ့် သမီးနှစ်ယောက်မျက်နှာမြင်ပြီး မျိုမကျဘူး။  အဲဒီတော့ မမထည့်ပေးတတ်တဲ့ ဟင်းလေးတွေနဲ့ ငွေတစ်ထောင်ပေါ့လေ။ အဲဒီငွေက မတ်တပ်စာအတွက် လုံလောက်ပေမယ့်၊ ကျွန်မအတွက် အန္တရာယ်ကင်းပေမယ့် ကလေးမွေးလာရင် ကုန်ကျမှာရယ်၊  ရက်ရှည်နားရမှာရယ် တွေးပူပြီးရင်မောနေခဲ့တယ်။ မကြာပါဘူး ဗိုက်ထဲမချိမဆန့်တိုးလွန်းလို့ မိခင်နဲ့ကလေးက ဆရာမက အာထရာဆောင်းရိုက်ပေးတော့ အမွှာတဲ့လေ... ယောက်ျား လေးတွေချည်းပဲတဲ့။ စခန်းမှူးကတော်က ထ,ခုန်တာပေါ့.. ကျွန်မကတော့ မမကိုကြည့်ပြီး မျက်ရည်တွေပဲ ကျလာမိတယ်။ အာထရာဆောင်းရိုက်ပေးတဲ့ဆရာမက ...
    ''အမေ...ပျော်လို့လား''တဲ့။ ကျွန်မ ဘာပြန်ဖြေရမလဲ။ ကိုသက်အောင်ကို ကျွန်မ ပြန်မပြောပြဘူး။ ဒါပေမယ့် မမကတစ်ဆင့် စခန်းတစ်ခုလုံးသိသွားတော့ သူက ''ဒုက္ခပါပဲ ... မင်းကတော့ပြဿနာပဲ''တဲ့လေ...
    သူက ခဏတစ်ဖြုတ်လေး ရေရွတ်ပြီး တအေင့်လောက်ကြာတာနဲ့ ပုံမှန်ဖြစ်သွားပေမယ့် ရင်ထဲမှာ အလုံးကြီးဆို့တက်ပြီး မစားနိုင်၊ မအိပ်နိုင် ရင်မောစိတ်သောကရောက်ရတာက  ကျွန်မလေ။  အဲဒီနောက်တော့ မမအိမ်မှာ မနက်ပိုင်း လုပ်ပေးပြီး စခန်းဘေးက လက်ဖက်ရည်ဆိုင် မှာ တစ်နေ့ခင်းလုံး ကူလုပ်ဖြစ်ခဲ့တယ်။ မမဆီက ရတဲ့ တစ်ရက်တစ်ထောင် တစ်လသုံးသောင်းက  လက်ရှိစားစရိတ်ပေါ့၊ လ္ဘက်ရည်ဆိုင်ကရတဲ့ တစ်ရက်ငါးရာ၊ တစ်လ တစ်သောင်းငါးထောင်က မွေးစရိတ်ပေါ့။
    အမွှာကိုယ်ဝန် (၆)လဆိုပေမယ့် နာကျည်းချက်တွေနဲ့ စိတ်တင်းထားတဲ့ ကျွန်မအတွက် ပေါ့ပေါ့ပါးပါးပါပဲ။ ညမိုးချုပ်လို့ တစ်နေကုန်အလုပ်တွေပြီး၊ သမီးနှစ်ယောက်ကလည်း ခြေပစ် လက်ပစ် အိပ်မောကျသွားမှသာ မလှုပ်နိုင်မရှားနိုင်၊ စာရွက်ကလေးတောင် ဆုပ်မကိုင်နိုင် လောက်အောင် ချိနဲ့ပြီး ပုံကျသွားတတ်ပေမယ့် ဆင်းရဲဇာတာပါတဲ့ ကျွန်မအတွက် မနက် မိုးလင်းတာနဲ့ အလုပ်ခွင်ဝင်ဖို့ ရယ်ဒီလေ။
    တစ်ရက်တော့ မမတို့အိမ်က ဏ့ လာတယ်.. မမရဲ့ အမေလေဖျန်းသွားလို့တဲ့... ပျာယာခတ်အောင် စိတ်ပူလှုပ်ရှားနေတဲ့ မမ မမေ့မလျော့မှာခဲ့တာက ဂရုစိုက်ဖို့လေ။ သားသမီး အရူးအမူးလိုချင်ပေမယ့် အသက်ကြီးမှ အိမ်ထောင်ပြုပြီး သားသမီး မရခဲ့တဲ့ မမတို့လင်မယားရဲ့ အာရုံက ကျွန်မကိုယ်ဝန်အပေါ်မှာပဲ ရောက်နေခဲ့ပါတယ်။
    ကျွန်မကို ဂရုစိုက်တဲ့မမ နယ်ပြန်သွားတဲ့အခါ အားငယ်သွားသလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းစဉ်းစားကြည့်ရင် ဘဝနှစ်ခုကို တစ်ခုတည်းပေါင်းစပ်လို့ နှစ်ယောက်တကမ္ဘာ တည်ဆောက်ပါမယ်လို့ အခုထက်ထိပြောတတ်တဲ့ ယောက်ျားကတောင် ''သက်သာ'' တစ်လှည့်  ''အေးစေ'' တစ်လှည့် နေတတ်သလို နေခဲ့တာ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ ဘဝမှာ ယုံမှားသံသယတွေနဲ့ ဘယ်သူ့ကို အားကိုးချင်သေးသလဲ... သူများဆီက ရမယ့် အမှီအခိုတွေကို ကိုးစားပြီး စိတ်ဓါတ်ပျက်စီးရမယ့်အဖြစ်မျိုး အဖြစ်မခံချင်ဘူး... ကိုသက်အောင် အပေါ်မှာ ဖြစ်တည်ခဲ့တဲ့ အမုန်း၊ မခံချင်မှု၊ မာနတွေက ကျွန်မကို ပန်းရံလောကထဲ ပြန်တွန်း  ပို့ခဲ့ပြန်တယ်။
(စ)
    ပင်ပန်းဆင်းရဲပေမယ့် တစ်ရက်ကို နှစ်ထောင့်ငါးရာလေ... ပန်းရံခေါင်းက ကျွန်မ အခက်အခဲတွေသိတော့ အလိုက်သိသိ သက်သာတဲ့နေရာမှာထားပေးတယ်။ မြင်မကောင်းလို့ ထားကြတဲ့ ပါတ်ဝန်းကျင်ကို ရယ်ပြုံးပြုံးပြရုံပဲပေါ့။ ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာကို တားကြတယ်ဆိုတဲ့ ပါတ်ဝန်းကျင်ဆိုတာကကော ... ကိုယ့်ကိုယ်ကိုယ်မှ အနိုင်နိုင် ထူနေကြရတဲ့ တောင်မင်း မြောက်မင်း မကယ်သာဘဲ နှုတ်၏ ဆောင်မခြင်းတစ်ခုပဲ ပေါပေါသီသီ ပေးနိုင်ကြတဲ့ လူတွေမဟုတ်လား...။
    အဲဒီလို  ဗိုက်ကြီးတကားကားနဲ့ လုပ်ငန်းခွင်ထဲက ကျွန်မကို အားပေးကြသူတွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပန်းရံခေါင်းပေါ့...။
    ''ငါတို့လဲ ဒီလိုပါပဲအေ.. မွေးဆိုမှ ကောက်မွေးချပစ်လိုက်တာ
ကလေးငါးယောက်လုံးလေ... မမွေးခင် နေ့တစ်ရက်အထိ လုပ်တုန်း ကိုင်တုန်းပဲ.. အဲလို လှုပ်လှုပ်ရှားရှားနေတော့ မွေးရဖွားရတောင် ပိုလွယ်သေးပြောကြတာပဲ... ဒီလိုပဲလေ ယောက်ျားလုပ်စာတစ်ခုတည်းနဲ့ စားလို့ကတော့ ငတ်သေတာကြာပေါ့၊ မွေးပြီး တစ်လလောက်တောင် မနည်း ဖျစ်ဖျစ်မည်အောင် နားရတာ .. ညည်းလဲ အခုအချိန် လုပ်သာ လုပ်ထား ဘာကရိကထမှ မများဘူး။ သူဟာ သူဗိုက်ထဲနေတာ... အေး..အေး ညည်းကတော့ သူတို့ဟာ သူတို့လို့ ပြောရမှာပေါ့ ဟေး ဟေး... မွေးပြီး  ခုနှစ်လ၊ ရှစ်လလဲ ဒုက္ခမများသေးဘူး။ ငိုရင် နို့တိုက်ပြီးတာနဲ့ သူ့အဖေပုဆိုးဟောင်း တစ်ထည်ထဲ ထည့်တော်ရာ ချိတ်ထားလိုက်ရုံပဲ၊ ရှစ်လကျော်ရင်တော့ သိပ်မလွယ်ချင် တော့ဘူးဟေ့ ...
ငါတို့ဘဝတွေကတော့ ပုံစံကြပြီးသား နို့ပြတ်ပြတ် မပြတ်ပြတ် ထားလို့ရတဲ့အရွယ်၊ ထမင်း ကျွေးလို့ရတဲ့အရွယ်ဆို၊ အကြီးတွေနဲ့ ထားခဲ့လိုက်တာပဲ။ မနက်စောစော နို့အဝတိုက်ခဲ့ နေ့လည် နေ့ခင်း အကြီးတွေ ထမင်းစားရင်း ဝါးကျွေးထား ညနေ အလုပ်ပြန်မှ နို့အဝ တိုက်... ငါ့ကိုသာကြည့် ဗီဒီယိုကားတွေတော့ မကြည့်နဲ့၊ အားမကိုးနဲ့ မိန်းမရေ ရူးသွားလိမ့်မယ်...''
''ငါတို့လဲ ဒီလိုပါပဲအေ... ညည်းအစ်မဆို ညည်းမြင်တဲ့အတိုင်းပဲ... ငါက လုပ်ငန်း စီစဉ်ရင် သူက လူတွေပြောရဆိုရ ပစ္စည်းပျောက်မှာစိုးလို့ စစ်ရ၊ ငွေရှင်းရနဲ့ သက်သာတာ  မဟုတ်ဘူး။ ပေါက်တူး တစ်လက်၊ ဂေါ်တစ်လက်ပျောက်သွားရင် မလွယ်ဘူးလေ... အခုညည်းရှိတော့ သူသက်သာတာပေါ့၊ ညည်းကလဲ ငါတို့နစ်နာမယ့်ကိစ္စ၊ ဆုံးရှုံးမယ့်ကိစ္စ ဝိုင်းကြည့်ပေး၊ ဝိုင်းပြောပေး... မမွေးခင်အထိတော့ ဒီလိုပဲပေါ့အေ''
    လုပ်ငန်းသုံးပစ္စည်းတွေစစ်ပေး၊ လူစာရင်းကောက်ပေး၊ ကန်ထရိုက်ချပေးတဲ့ ပစ္စည်းစာရင်း မှတ်ပေး၊ လိုအပ်တာဝင်ကူလုပ်ပေး၊ တစ်ခါတစ်ရံ အုတ်သယ်၊ မဆလာသယ်တဲ့ လူကြမ်းမလာရင်  ဝင်လုပ်ပေး အဲဒီလိုနဲ့ လုပ်ငန်းခွင်နဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ကျွန်မနဲ့ တစ်သားတည်းဖြစ်လာ ခဲ့တယ်။ ဆယ်တန်း (၃)ခါကျ ကျွန်မရဲ့ပညာအရည်အချင်းဟာ သူတို့လောကမှာတော့ ဆရာ တစ်ဆူဖြစ်နေခဲ့တာပေါ့။ စာရင်းအင်းကနေ တွက်ချက်တာထိ ဆရာကတော်ကို စိတ်တိုင်းကျ လုပ်ကူနိုင်ခဲ့တယ်။ ကိုသက်အောင်ရဲ့ တာဝန်မဲ့မှုတွေ၊ လျစ်လျူရှုမှုတွေ၊ ဂရုမစိုက်မှုတွေကို  နာကျည်း ဝမ်းနည်းနေမယ့်အစား၊ ဖြစ်လာတဲ့ ဘဝအပေါ် ကျေနပ်ရောင့်ရဲစေတဲ့၊ အားတက်စေတဲ့၊ ရဲရင့်စေတဲ့ စိတ်မပျက်စေတဲ့... လုပ်ဖော် ကိုင်ဖက်တွေရဲ့ စကားတွေက ကျွန်မရင်ထဲကို သတ္တိတွေ၊ အားမာန်တွေ ထည့်ပေးခဲ့တယ်လေ။
    ကျောင်းဆရာအဖေရဲ့သမီး ကျွန်မဟာ အောက်ခြေလူတန်းစား အလုပ်သမားတွေနဲ့ ဘဝ မတူဘူးဆိုတဲ့ အတွေး၊ သူတို့ဟာ ကိုယ့်ထက်တစ်ဆင့်နိမ့်တဲ့ ကိုယ်က ငုံ့ကြည့်ရမယ့်သူတွေအဖြစ်  တစ်သက်လုံးရှုမြင်လာခဲ့ရာက သူတို့နဲ့ တစ်သားတည်းကျယုံတင်မက သူတို့ရဲ့အားမာန်တွေနဲ့ ကျွန်မရဲ့ဘဝ ပြန်ထူထောင်နေရတဲ့အဖြစ်ကို တွေးကြည့်ရင်း လူ့ဘဝရဲ့ အဓိကအရေးပါတာ ဘာလဲ ဆိုတာသိလာခဲ့တယ်။
    ဆင်းရဲတာ... ချမ်းသာတာထက် ကိုယ့်ခွန်၊ ကိုယ့်အား၊ ကိုယ့်သတ္တိတွေနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ထောင်ခြင်း၊ အမှီအခိုကင်းကင်းရပ်တည်ခြင်း၊ ကိုယ့်မျိုးဆက်သွေးတွေကို ကိုယ့်ရဲ့အားနဲ့ ရှင်သန်စေခြင်း၊  ကိုယ်ကမွေးလို့ လူဖြစ်လာရတဲ့ ကိုယ့်ရင်သွေးလေးတွေကို ကိုယ့်အင်အားတွေအစွမ်းကုန်အသုံးချပြီး ပြုစုပျိုးထောင်ပေးခြင်း.. ဒါတွေက ကျွန်မဘဝရဲ့ အဓိကကျတဲ့အရာတွေ။
    အချစ်၊ အလွမ်းဆိုတဲ့အရာတွေက အချိန်ကြာလာတာနဲ့အမျှ ငါကတော့ သူ့အပေါ်..၊ သူကတော့ ငါ့အပေါ်ဆိုတဲ့ တွက်ကပ်စိတ်တွေ၊ အမုန်းတွေ၊ အာဃာတတွေဖြစ်လာပြီး အဲဒီ ခံစားချက်တွေပဲ ရှေ့တန်းတင်နေခဲ့ရင် အလေဏာတော အတွေးတွေနဲ့ သာမညဘဝက         ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး။  
    ဖအေကတောင် နေနိုင်သေးတာ ငါက မိန်းမပဲ၊ ဘယ်တတ်နိုင်ပါ့မလဲဆိုတဲ့ သေးသိမ်တဲ့ အတွေးတွေ လက်မခံပဲ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ ကိုယ့်ရင်သွေးတွေ လူလား မြောက်ရေးအတွက် ဖြောင့်မှန်စွာ ကြိုးစားရုန်းကန်ခြင်းကသာ အဓိကလို့ ခံယူလိုက်တဲ့အခါ ပင်ပန်းစိတ်တစ်ဝက်သက်သာသွားသလိုပါပဲ။ အခုအချိန်မှာတော့ တော်သင့် မှန်ကန်တဲ့ အတွေးတွေ၊ ဆုံးဖြတ်ချက်တွေအတွက် .. ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားတက်မိ တတ်တယ်။ အဲဒီလိုဆုံးဖြတ်တတ်၊ တွေးခေါ်တတ်အောင် အသိအလိမ္မာပေးခဲ့တဲ့ အဖေ၊ အမေတို့ရဲ့ ကျေးဇူးတရားတွေကို အမြဲတမ်းအောင်မေ့မိတာနဲ့အတူ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ လမ်းချော် မသွားစေဖို့ သတိမြဲမြဲထားခဲ့ရတယ်။ လူပြောများတဲ့ စကားရှိတယ်လေ မိန်းမတွေက ဆင်းရဲတဲ့ ဒါဏ်မခံနိုင်ကြဘူးတဲ့။ ကျွန်မအတွက်ကတော့ အဖေ၊ အမေနဲ့ သမီးနှစ်ယောက် မျက်နှာ မြင်ယောင်မိတာနဲ့ မဟုတ်တာ လုပ်ရမှာကို ကြက်သီးထ, မိတယ်၊ ကြောက်လန့်မိတယ်။ အဲဒီတော့ သေသေချာချာစဉ်းစားကြည့်ရင် ကျွန်မလိမ္မာခဲ့ရတာဟာ အဖေ၊ အမေနဲ့ သမီးနှစ်ယောက်က အဓိကအကြောင်းရင်းပေါ့။
    အရင်တုန်းက စိတ်ဆိုး၊ နာကျည်းပြီး ဒေါသထွက်ခဲ့သလောက် အခု အမွှာ ကိုယ်ဝန်မှာ သဘောပေါက်လာခဲ့ပြီ။ အဖေနဲ့ အမေ တရားထိုင်သလိုပေါ့လေ... ပါတ်ဝန်းကျင်က ဘာပြောပြော၊ ဘယ်လိုတရားပြပြ ကိုယ်ကိုယ်တိုင် ကြိုးစားမှ ကိုယ်ရမှာလေ။ ကိုယ်ကိုယ်တိုင် တရားအလုပ်လုပ်မှ ကိုယ့်အတွက်ပါမှာမဟုတ်လား။ အခုလဲ ဘယ်သူ့တာဝန်၊ ဘယ်သူက အဓိကဆိုပြီး ကိုယ်မပိုင်တဲ့ အတ္တဘောတစ်ခုကို လက်ညှိုးထိုး တရားခံရှာနေမယ့်အစား ကိုယ်တိုင် ကြိုးစားတော့ ကိုယ်စိတ်ချမ်းသာရတာပေါ့ဆိုတဲ့အတွေးကို ရလာတဲ့အချိန်ကစ,ပြီး အေးငြိမ်း သွားတော့တာပဲ။ ဘယ်သူ့မှ အပြစ်မတင်တတ်တော့တဲ့အချိန်ကျမှ ဒီလိုဖြစ်ခဲ့ရတာလေ။ မျက်ရည် တွေက တားမရ ဆီးမရ ကျနေတုန်းပါပဲ။
(ဆ)
    ''လူ့ဘဝရခဲ့တာကိုက ဒုက္ခ''တဲ့။ ကျွန်မတို့ လူသားတွေရဲ့ ဘဝတွေ ဘဝတွေကကော...  ဒုက္ခကိုယ်စီရှိနေကြတာပဲမဟုတ်လား။ မျက်စိနဲ့မြင်နိုင်တဲ့ဒုက္ခ၊ မျက်စိနဲ့မမြင်နိုင်တဲ့ဒုက္ခ၊ ဖွင့်ဟ ကြေညာနိုင်တဲ့ဒုက္ခ၊ ရင်ထဲမှာမျိုသိပ်ထားရတဲ့ဒုက္ခ... ဒုက္ခတွေမျိုးစုံ။ ကျွန်မပါတ်ဝန်းကျင် ကွက်ကွက်ကလေးကိုကြည့်ရင် စခန်းမှူးကတော် မမတို့လိုအရာရာပြည့်စုံရဲ့သားနဲ့ ကလေးမရ နိုင်တဲ့ဒုက္ခထက်စာရင် ကျွန်မရဲ့ဒုက္ခက ခံသာသေးတယ်လို့ တွေးမိတယ်။ ဘယ်လောက်ပဲ လူဒုက္ခ၊ စိတ်ဒုက္ခရောက်ပစေ...သမီးတွေ မျက်နှာမြင်လိုက်ရတာနဲ့ ပိန်းကြာရွက်ပေါ် ရေမတင်ဆိုသလို ပေါ့လေ။ ဒုက္ခရဲ့ကျောကပ်စာမျက်နှာမှာ မိဘမေတ္တာဆိုတဲ့ ကြည်နူးမှုရှိနေသေးသရွေ့တော့ အဲဒီဒုက္ခကို ပြုံးပြုံးကြီး ရင်ဆီးခံနိုင်ရမယ်လို့ တွေးမိတဲ့အခါ တနင့်တပိုး ဒုက္ခတွေသယ်ပိုးထားရတဲ့ ရင်ကလွတ်လပ်ပေါ့ပါးသွားသလိုပါပဲ။    ။

                               
အဖြူရောင် (ရွှေ)
ရနံသစ်၊စက်တင်ဘာ၊၂ဝ၁ဝ

Monday, 26 September 2011

ကိုဘကောင်းရဲ့လမ်း

အရက်မူးလာပြီဆိုရင် `မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ´လို့ အသံဝါကြီးနဲ့ အော်အော်ဆိုတတ်တဲ့ ကိုဘကောင်း တစ်ယောက် လေဖြတ်သွားပြီလေ။ ကိုဘကောင်းကို ပတ်ဝန်းကျင်က မတွေ့ကြတာ သုံးလေးရက်ရှိပြီ။ အရင်ကလည်း ရုံးသွားလိုက် တစ်ခါတစ်ခါ ရုံးမှာအိပ်လိုက် သူငယ်ချင်းတွေအိမ်မှာ လိုက်အိပ်လိုက်ဆိုတော့ ပတ်ဝန်းကျင်က သတိမထားမိတာလည်း မဆန်းဘူးရယ်။

အဲဒီနေ့ကတော့ ကိုဘကောင်း မိဘတွေနဲ့ ကျေးဇူးမကင်းတဲ့ မသန်းဝင်းဆီကို ကိုဘကောင်း ၀ိညာဉ်လွင့်သွားတယ် ပြောရမှာပဲ။

`ဟဲ့ ချစ်စမ်းမောင် ထစမ်း ထစမ်း၊ ကိုကောင်းရယ် ငါ့ကို လာခေါ်နေတာ´

`မိသန်းဝင်း မိုးတောင် မလင်းသေးဘူး။ အိမ်မက်ယောင်တာလား´

`မဟုတ်ဘူး မဟုတ်ဘူး။ ဗိုက်ထဲအောင့်တောင့်တောင့် ရှိတာနဲ့ နိုးနေတာ ကြာပြီ။ ခြံဝက လှမ်းခေါ်လို့ ငါသွားကြည့်တာ မရှိဘူး။ လင်းရင်တော့ အိမ်သွားကြည့်လိုက်ဦး။ အိမ်မှာမရှိရင် ရုံးလိုက်သွား။ ဆရာမကြီးတို့လည်း ရှိတာမဟုတ်ဘူး´

ရွှေနှင်းဆီ ဆေးလိပ်ကို ထောင်းထောင်းထ ဖွာနေတဲ့ မသန်းဝင်းက တစ်ခုခုတော့ တစ်ခုခုပဲ တွေးနေ မိတယ်တဲ့။ ချစ်စမ်းမောင်လည်း မနက်လင်းတာနဲ့ ထမင်းကြမ်းခဲလေး ပဲပြုတ်နဲ့နယ်၊ ကပျာကသီစားပြီး အိမ်သွားကြည့်တယ်။

အိမ်က သော့ခတ်ထားတော့ ရုံးလိုက်ရှာတယ်။ ရုံးကလူတွေကလည်း ဂရုစိုက်ပုံများ ပြောပါတယ်။ ဘယ်သွားမှန်းလဲမသိဘူး။ အဲဒါနဲ့ ကိုဘကောင်းသွားတတ်တဲ့ နေရာတွေ၊ ဘုံဆိုင်ပါ မကျန်ပေါ့။ ချစ်စမ်းမောင်က လိုက်ရှာတယ်။ ဘယ်မှာမှ မတွေ့ဘူး။ ကိုဘကောင်းဆိုတဲ့ ကိုဘကောင်းက ခပ်ရွတ်ရွတ်။ ရုံးမှာ အိုတီ ဆင်းရမယ်ဆိုလည်း ဘယ်တော့မှ မဆင်းဘူး။ အိုတီမပြောနဲ့ သာမန်ရုံးချိန်မှာကိုပဲ သူတက်ချင်မှ တက်တာ။ ရုံးက အရာရှိကလည်း သူ့အမေရဲ့ တပည့်ဖြစ်တာရယ်၊ ကိုဘကောင်းနမတွေ မျက်နှာနဲ့ ကိုဘကောင်း ဘာလုပ်လုပ် ဘာမှ မပြောဘူး။ တစ်ခါတစ်ရံ သိပ်အရေးကြီးတဲ့ ကိစ္စဆိုရင်တော့ အိမ်ကို လိုက်ခေါ်တတ်တယ်။ အဲလိုဆိုရင် ကိုဘကောင်းက နှစ်ဆောင်ပြိုင် အိမ်ကြီးကို အိမ်ရှေ့တံခါးသာ့ ခတ်ပြီး နောက်ပေါက်က ၀င်ထွက်လုပ်တာ။

ကိုဘကောင်း အကျင့်ကို သိတဲ့ ချစ်စမ်းမောင်က အိမ်ကို ပြန်သွားပြီး အိမ်နောက်ပေါက်က တံခါးခါက် တယ်။ ဘာသံမှ မကြားရတော့ အိမ်ပတ်ပတ်လည် လျှောက်နားထောင်ရင်း အိမ်ထဲက ညည်းသံသဲ့သဲ့ကို ကြားရတော့တာပဲ။ အဲဒီမှာတင် ရပ်ကွက်လူကြီး အိမ်ပြေး၊ ရပ်ကွက်လူကြီးကလည်း အိမ်ချင်းကပ်လျက် ပဲကိုး။

ဘေးအိမ်တွေပါ အကူအညီတောင်းပြီး တံခါးဖျက်ဝင်တော့ ကိုဘကောင်းကို ခွေခွေကလေး လဲနေတာ တွေ့ရတော့တာပဲ။ ဒွာရကိုးပေါက် စလုံးက ထွက်ထားတဲ့ အညစ်အကြေးတွေနဲ့ ပုပ်ဟောင်နေ တဲ့ ကိုဘကောင်းကို တွေ့လိုက်တာနဲ့…

`အမလေး… ကယ်ကြပါဦးဗျာ။ ကျွန်တော့်အစ်ကိုတော့ သေပါပြီ။ အမလေး… လုပ်ကြပါဦးဗျာ´

အမေပေးနာမည် စမ်းမောင်ကို ကိုယ့်သဘောနဲ့ ကိုယ် `ချစ်´တစ်လုံး တိုးထားတဲ့ ချစ်စမ်းမောင် ကလည်း ခေတ်စကားနဲ့ ပြောရရင် ပဲက ခပ်များများရယ်။ ပျာယာခတ် ခုန်ပေါက်နေတဲ့ ချစ်စမ်းမောင်ကို ဖယ်ပြီး ကိုဘကောင်းကို အ၀တ်လဲပေး၊ ချက်ချင်း ဆေးရုံပို့ကြတယ်။

တိုက်နယ်ဆေးရုံကလေးကနေ ပြည်နယ်ဆေးရုံကြီးကို ဒရစ်ပိုက် ချိတ်ပြီး ပြောင်းတော့လည်း သတိ မရ၊ ဆေးရုံရောက်ပြီး သုံးရက်လောက်နေမှ သတိရလာတယ်တဲ့။ ကိုဘကောင်း သတိရလာတော့ ဘာကိုမှ သတိမရတော့ဘူး။ သမီးတွေနဲ့ လိုက်နေတဲ့ အမေပြန်လာတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြည့်နေတဲ့ ကိုဘကောင်းကို ခုတင်ပေါ်မှာ ပက်လက်ကလေး တွေ့ရတော့တာပဲ။ နာရီဝက် တစ်နာရီ နောက်ကျရင် အသက်ဆုံးပြီလို့ ဆိုတဲ့ ကိုဘကောင်း စကားမပြောနိုင်တော့ဘူး။ ညာဘက် တစ်ခြမ်း မလှုပ်နိုင်တော့ဘူး။

`မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ´လို့ ဆိုတတ်တဲ့ ကိုဘကောင်း သူ့အမေရဲ့ လက်ပေါ်မှာ ဒုတိယမ္ပိ ကလေးပြန်ဖြစ်သွားတယ်။
အမေက ကိုဘကောင်းကို ထမင်းခွံ့ကျွေးတယ်။ ရေတိုက်တယ်။ လက်ဖက် ရည်တိုက် တယ်။ ဆေးတိုက်တယ်။ ဆေးလိမ်းပေးတယ်။ လက်လေ့ကျင့်ခန်း လုပ်ပေးတယ်။ နောက် အငြိမ်း စား ကျောင်းဆရာမကြီး အမေက ကိုဘကောင်းကို စာရေးသင်ပေးတယ်။ စာဖတ်သင်လို့ မရတော့ ဘူး။ ကိုဘကောင်းက စကားမှ မပြောနိုင်ဘဲကိုး။

ဆေးရုံက ဆင်းပြီးတော့ အိမ်မှာ ဆက်ကုတယ်။ အင်္ဂလိပ်ဆေးနဲ့လည်း ကုတယ်။ မြန်မာဆေးနဲ့လည်း ကုတယ်။ အဲဒီလိုနဲ့ ကိုဘကောင်း နာလံထလာတယ်။ အရင်က ဝေေ၀၀ါးဝါး ဖြစ်ခဲ့တာတွေ ပီပီပြင်ပြင် ဖြစ် လာပြီ။ ထုံထုံမှိုင်းမှိုင်း ဖြစ်ခဲ့တာတွေ ကြည်ကြည်လင်လင် ဖြစ်လာပြီ။

စကားပြောချင်ဇောနဲ့ ပြောတော့ `ကျွန်တော်´ တဲ့။ `ဆေး´တဲ့။ သူပြောတတ်တဲ့ စကားလေ။

အဲဒါပဲ ပြောတတ်တော့ ဘာကိုပဲ ပြောချင် ပြောချင် `ကျွန်တော်၊ ဆေး´ ပဲ။

အသံကို နိမ့်မြင့် ပြောင်းလဲပြောတတ်တယ်။ ဆေးရုံမှာတုန်းက `ကျွန်တော်။ ဆေး´ ဆိုတော့ ဂျူတီကျတဲ့ ဆရာမလေးက
`ဆေး… တိုက်မယ်၊ တိုက်မယ်´ တဲ့။

ဆေးတောင်းတယ် မှတ်နေတာလေ။ နောက်သုံးလလောက် ကြာတော့ စကားတစ်ခွန်းတိုးလာတယ်။ `စေတော့၊ စေတော့´တဲ့။ သူပြောချင်တဲ့ အဓိပ္ပာယ်ကို လက်ဟန်ခြေဟန်နဲ့ ရှင်းပြတယ်။

ဘာအကြောင်းအရာကိုပဲ ပြောပြော ပါးစပ်က `ကျွန်တော်၊ ဆေး၊ စေတော့´ ဒါပဲ ပြောတတ်တော့တယ်။

သူ ဒေါသထွက်ပြီဆိုရင် လေဖြတ်လို့ ရွဲ့နေတဲ့ နှုတ်ခမ်းတွေ ပိုရွဲ့သွားအောင် မဲ့… မဲ့ပြီး
`စေ…ဒေါ့´ `စေ.. ဒေါ့´ နဲ့ အားရပါးရ အော်တော့တာပဲ။

လေဖြတ်တဲ့ လူတွေက စိတ်တိုတတ်လာတယ်။ ဒါကို မိဘ၊ မောင်နှမတွေက သည်းခံပါတဲ့ ဆရာဝန်ကြီးနဲ့ ပတ်ဝန်းကျင်က နှစ်သိမ့်ဖျောင်းဖျတဲ့ စကားတွေပေါ့။ ငြိမ်းချမ်း အေးမြလွန်းတဲ့ အမေနဲ့ နားပူမခံနိုင်တဲ့ ညီမတွေက ထွေထူးပြီး သည်းခံစရာမလိုအောင် သည်းခံတတ်ကြပြီးသား။

အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဖြစ်ရလေဆိုတဲ့ ကိုယ်ချင်းစာစိတ်၊ သနားစိတ်၊ သွေးရင်းသားရင်း၊ အစ်ကိုရင်း တစ်ယောက် အပေါ် ထုလိုက် ထည်လိုက် ထားတဲ့ မေတ္တာ၊ ငွေကြေးဆိုတာ ကိုယ်အလိုရှိရာ ပစ္စည်းတွေအတွက် လဲလှယ်စရာ ကြားခံပစ္စည်းလောက် သဘောထား သတ်မှတ်ကြတဲ့ ညီမတွေက ကိုဘကောင်းကို ငွေအကုန်ခံပြီး ကုတယ်။ မငြိုငြင်ဘူး။ မငြူစူဘူး။ အနှမြော အတွန့်တို မရှိဘူး။ ကိုယ့်ငွေ သူ့ငွေ မခွဲခြားဘူး။ တရုတ်အပ်စိုက်ဆိုလည်း စိုက်လိုက်တာပဲ။ အကြောပြင်ဆိုလည်း ပြင်လိုက်တာပဲ။ အနှိပ်သည်ဆိုလည်း နှိပ်လိုက်တာပဲ။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ CT scan ရိုက်တာတွေကတော့ ရိုးနေပေါ့။ ဦးနှောက်နဲ့ အာရုံကြော အထူးကုကိုပဲ နှစ်ယောက်တပြိုင်တည်း ပြတာ။ အယူဆအမျိုးမျိုး ကို သိချင်လို့တဲ့။

ကိုဘကောင်းဆိုတာ အဲဒီလို မိသားစုထဲမှာ ရှင်သန်နေတာလေ။ ကိုဘကောင်းကို ရိုင်းတယ်လို့ပြောရင် ပတ်ဝန်းကျင်က ရယ်ကြမှာ။ ကိုယ့်အိမ်ကလွဲရင် ကိုဘကောင်းက လူကောင်း၊ လူယဉ်ကျေး လူလိမ္မာ။ ကိုယ့်အိမ်မှာတော့ မရဘူး။ အိမ်ထောင်ပျက် မိသားစုရဲ့ အကြီးဆုံး သားဘ၀မှာ အိမ်ကို မငဲ့ဘူး။ အမေကို မငဲ့ဘူး။ ကိုဘကောင်းရဲ့ အဘွားဆိုရင် ဆုံးသာသွားရော ကိုဘကောင်းလုပ်စာ တစ်ပြားမှ မစားလိုက်ရဘူး။

အမေက မနက်ပိုင်း ကျူရှင်သင်၊ နေ့လည်ပိုင်း ကျောင်းသွား၊ ပြန်လာရင် ညနေပိုင်း ကျူရှင်သင်။ ကျောင်း နဲ့ ကျူရှင်ကြားမှာ နားချိန်မရှိဘူး။

ကိုဘကောင်းတို့ မောင်နှမတွေကို ပြုစုစောင့်ရှောက်ရတာက ကိုဘကောင်းတို့ အဘွားလေ။

တစ်နေ့ထက်တစ်နေ့ အရွယ်ရောက် ကြီးပြင်းလာတဲ့ ကိုဘကောင်းတို့ မောင်နှမတွေရဲ့ ကုန်ကျစရိတ်တွေအတွက် အမေက ကျူရှင်တွေ တစ်ချိန်ပြီးတစ်ချိန် တိုးပြရင်း ကိုဘကောင်းတို့ မောင်နှမတွေကို ဂရုစိုက်ချိန် နည်းလာခဲ့တယ်။ အရွယ်ရလာတဲ့ ကိုဘကောင်းက အမေ့စကားလည်း နားမထောင်ဘူး။ အဘွားစကားလည်းး နားမထောင်ဘူး။

မိဘတွေအိမ်ထောင်ပျက်တဲ့ ဒဏ်က ကိုဘကောင်းရင်ထဲအထိ ၀င်သွားတယ်။ သူတို့မောင်နှမတွေ ဒီလိုဒုက္ခခံရတာ မိဘတွေ အိမ်ထောင်ကွဲလို့ သူတို့အပြစ် မဟုတ်ဘူး ဆိုတဲ့ ခံယူချက်က ကိုဘကောင်းရဲ့ ကာဗာဖြစ်လာတယ်။ မီးလောင်ရာ လေပင့်လို့ ပြောရလောက်အောင် ကိုဘကောင်း ဖတ်တဲ့ အပြင်စာတွေ က ကွန်မြူနစ်စာအုပ်တွေလေ။

စာရွေးဖတ်ရမယ့် အရွယ်မှာ ကိုဘကောင်းကို ညွှန်ပြမယ့်လူ မရှိဘူး။ လမ်းညွှန်မယ့်သူ မရှိဘူး။ ကိုယ်ခံစိတ်ဓာတ် ညံ့ဖျင်းတဲ့ လူတစ်ယောက်အတွက် `မီးလောင်ရာ လေပင့်´ ဆိုတဲ့ စကားပုံလိုပေါ့။ စာတွေဆွဲခေါ်တဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့တာ။ အဆင်မပြေတဲ့ မိသားစုထဲက ကိုဘကောင်း၊ သူဖတ်တဲ့စာအုပ်တွေက ကွန်မြူနစ်စာအုပ်..။

အဲသလိုနဲ့ ကျောင်းပြဌာန်းစာအုပ်တွေနဲ့ ဝေးလာတယ်။ ဆယ်တန်းကျတယ်။ သူ့အတွေးအခေါ်တွေကို လွှမ်းမိုးထားတဲ့ အယူအဆတွေကို လက်တွေ့ကျင့်သုံးတယ်။ အမေနဲ့အဘွား ဆုံးမစကားကို နားမထောင်တော့ဘူး။

`မွေးထားရင် ကျွေးထားရမှာပဲ´တဲ့။

`ကျုပ်တို့က ခင်ဗျားတို့ ခေါ်လာလို့ လူ့လောကထဲကို ရောက်လာတာ´တဲ့။

`ကျုပ်တို့မှာ အပြစ်မရှိဘူး´ တဲ့။

အမေနဲ့ အဘွားက ကိုဘကောင်းရဲ့ ခင်ဗျားလုံးရိုက်ချက်အောက်မှာ မျက်ရည်နဲ့ မျက်ခွက်ပေါ့။ နောက်တော့ ကိုဘကောင်း အဝေးကြီးကို ထွက်သွားတယ်။ အမေ အဘွားနဲ့ ညီမလေးတွေကို ထားခဲ့ပြီးတော့လေ။ အဝေးရောက် ကိုဘကောင်းရဲ့ သတင်းတွေထဲမှာ အရက်က ပင်တိုင် ဇာတ်လိုက်ဖြစ်နေတယ်။

ဂျူတီပြီးပြီ ဆိုတာနဲ့ အရက်သောက် ဂစ်တာတီး မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ ဆိုပြီး ငိုတော့တာပဲတဲ့။ ဖြစ်ပုံများ ပြောပါတယ်။

သီချင်းကလည်း ခေါင်းစဉ်သာပြောင်းသွားမယ်။ အကြောင်းအရာကတော့ အမေပဲ။ ဂစ်တာတီး သီချင်းဆိုကောင်းတဲ့ ကိုဘကောင်းက ထူးအိမ်သင်ရဲ့ အမေ၊ ခင်ဝမ်းရဲ့အမေ…. အမေကို အရက်နဲ့မြည်းရင်း ပါးစပ်က ကျေးဇူးဆပ်နေခဲ့တာ ၇နှစ်လောက် ကြာသွားတယ်။

ကိုဘကောင်းတို့ မြို့ကလေးမှာ ရုံးခွဲလာဖွင့်တော့ မြို့ခံဆိုပြီး လူကြီးတွေက ကိုဘကောင်းကို သူ့မြို့ပြန်ပို့လိုက်တယ်။ ကိုဘကောင်း အမေနဲ့ အဘွားကိုလည်း ကြည့်ရှုစောင့်ရှောက်ဖို့ပေါ့လေ။ ဒါပေမယ့် လူကြီးတွေရဲ့ စေတနာက ဝေဒနာဖြစ်သွားတယ်။

ကိုဘကောင်းက အချိုးမှ မပြင်ဘဲကိုး။ ရုံးကပေးတဲ့ လိုင်းခန်းမှာ မနေဘူး။ အိမ်မှာပဲ နေတယ်။ ညဆိုရင် အရက်မူးပြီး ပြန်လာတယ်။ အိပ်နေတဲ့ အမေကို နှိုးပြီး ထမင်းခူးကျွေးခိုင်းတယ်။ သူရတဲ့ လခကလည်း သူသောက်တာနဲ့ ကုန်တာပဲ။

ကိုဘကောင်း ထွက်သွားတဲ့ နှစ်တွေအတွင်းမှာ ကိုဘကောင်း ညီမတွေက အသီးအနှံတွေ ပွဲစားလုပ်ရင်းက အခု ပွဲရုံလုပ်ငန်း အောင်မြင်နေပြီ။ အမေနဲ့ အဘွားကို စိတ်တိုင်းကျ ပြုစုနိုင်ပြီ။ ကိုဘကောင်း လခ မတောင်းရုံတင်မကဘူး ကိုဘကောင်းအတွက် အ၀တ်အစား မုန့်ဖိုးတောင် ညီမတွေက ပေးလိုက်သေးတယ်။ အမေ အဘွားနဲ့ ညီမ နှစ်ယောက်နေတဲ့ အိမ်က ကိုဘကောင်း ပြန်လာမှ ဆူညံလာတော့တယ်။ အရက်မူးလာရင် ထမင်းခူးပေးရုံတင်မကဘူး ကိုဘကောင်း စားတာ ဘေးက ငုတ်တုတ်ထိုင်စောင့်ရသေးတယ်။ ကိုဘကောင်း ရစ်သမျှ ခံပေတော့။

`အဲဒီကောင်တွေ လူပါးဝတာ ဘကောင်းအကြောင်း သိမယ်´ စကားတစ်ခွန်းကို ထပ်တလဲလဲပြော၊ ထမင်းစားမပြီးမချင်း စားပြီးတော့လည်း မအိပ်မချင်း တစ်နေ့လည်းမဟုတ် ညတိုင်း။ ပြောလည်း မပြောရဲဘူး။ ပတ်ဝန်းကျင်ကို ရှက်လို့လေ။ ကိုဘကောင်းကတော့ `ဘာလို့ မွေးထားသေးလဲ´ ပြန်ပြောမှာ သိနေတာကိုး။ နောက် ညီမတွေ လုပ်တဲ့ ပွဲရုံလုပ်ငန်းမှာ ၀င်စွက်ဖက် ပထမပိုင်းတော့ ညီမတွေကလည်း ပွဲရုံလုပ်ငန်းမှာ အစ်ကိုကြီး ယောက်ျားသားရှိရင် ကောင်းတယ်ဆိုပြီး အလုပ်ထွက်ခိုင်းမလို့။ နောက်တော့ ကိုဘကောင်း ဒဏ်ကို မခံနိုင်ကြတော့ဘူး။

ပွဲရုံလာတဲ့ ကုန်သည်နဲ့ အရက်သောက် မူးရင် ရန်ဖြစ် အလုပ်သမားနဲ့ဖြစ် ညီမအကြီးနဲ့ ရန်ဖြစ် ညီမအငယ်နဲ့ ရန်ဖြစ် အမေ့ကို နှိပ်စက် အဘွားကို နှိပ်စက်။ အဲဒီလိုနဲ့ အချိန်တွေကုန်သွားတယ်။ ကိုဘကောင်း အဘွားဆုံးသွားတယ်။ ညီမတွေကလည်း ပွဲရုံလုပ်ငန်းကို မန္တလေးရွှေ့ သွားတယ်။ ကိုဘကောင်း ဒဏ်မခံနိုင်တဲ့ အမေက ကိုဘကောင်းကို အိမ်တစ်လုံးနဲ့ ပစ်ထားခဲ့ပြီး ညီမတွေနောက် လိုက်သွားတယ်။

အဲဒီမှာ ကိုဘကောင်းအရက်တွေ နေ့ရော ညရောသောက် သွေးတိုးရှိမှန်းလည်း ကိုယ့်ဘာသာကိုယ် မသိ။ ဘယ်သူမှ မသိဘဲ အိမ်ထဲမှာ သုံးရက်လောက်လဲနေပြီး ဒီအဆင့်ကို ရောက်လာတော့တာပဲ။ အခုဆိုရင် လူကောင်းတစ်ယောက်လောက် နီးနီး ကောင်းနေပြီ။ စကားမပြောနိုင်တာက လွဲပြီးပေါ့။ ငယ်ငယ်ကတည်းက ဂစ်တာအတီးကောင်း သီချင်းအဆိုကောင်းတဲ့ ကိုဘကောင်းကို ညီမတွေက နားကြပ်ကက်ဆက် ၀ယ်ပေးတယ်။ ကာရာအိုကေ ၀ယ်ပေးထားတယ်။ စက်ဖွင့်နည်း တစ်ခါပဲ သင်ရတယ်။ မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေတို့ အမေ့ရဲ့ ဒုက္ခအိုးလေးတို့ အော်တော့တာပဲ။ ကိုဘကောင်း ၀ဋ်ကြီးပုံများ ပြောပါတယ်။ ခင်မောင်တိုး သီချင်းများဆိုနေရင် မသိတဲ့လူက လူကောင်းပဲ ထင်တာ။

ပြောပြရင် အံ့သြတကြီးတွေ ဖြစ်လို့။ အကြောင်းသိ ဓာတ်သိတွေကတော့ `၀ဇီဗေဒ ထိတိုင်းရှ´ ဆိုတာ ဒါမျိုးနေမှာ။ အမေ အဘွားကို ခင်ဗျားချင်းထပ်အောင် အော်ခဲ့တာတွေလေလို့ မှတ်ချက်ချတတ်ကြတယ်။ သူပြောချင်တာလည်း ပြောမရဘူး။ သူလိုချင်တာလည်း တောင်းမရဘူး။ သူလုပ်ချင်တာလည်း တစ်ဖက်လူ နားလည်အောင် မပြောနိုင်ဘူး။ ဘယ်လက်နဲ့ စာရေးပြီး ပြောရအောင်လည်း စကားလုံးတွေ စာလုံးတွေကို သတိမရတော့ဘူး။ ပြောမရလေ ဒေါသအကြီးအကျယ် ထွက်လေပဲ။

အဲ… သူ သတိရတဲ့ အထဲမှာ မိဘဆိုတာ အစစအရာရာမှာ တာဝန်ရှိတဲ့သူ သားသမီးက ဖန်တီးခံဘ၀ မတတ်နိုင်ဘူး ဆိုတဲ့ အတွေးအခေါ်မျိုးကိုတော့ မှတ်မှတ်သားသားကြီးကို သတိရနေတာ။ ကျန်တာသာ မေ့ချင်မေ့မှာ။ လူကောင်း ပကတိ ဘ၀တုန်းကတောင် အမေကို တန်ဖိုးထားရမှန်း မသိတဲ့ ကိုဘကောင်းက လူမမာဘ၀မှာ ပိုဆိုးနေတော့တယ်။ စိတ်တိုင်းမကျတိုင်း အော်နေတော့တာပဲ။ ငြိမ်းချမ်းအေးမြလွန်းတဲ့ အမေက တစ်ခါတစ်ရံ စိတ်မရှည်လို့ ဆူပြီဆိုရင် ကိုဘကောင်းက ကောင်းတဲ့လက်နဲ့ ဗိုက်ရှေ့ကို ၀ိုက်ပြတယ်။ ပြီးတော့ လက်ကို ရှေ့တိုး တိုးပြတယ်။ ပါးစပ်ကလည်း…

`စေတော့… စေတော့… စေတော့… စေတော့… စေတော့´ ဆိုတာကို နိမ့်မြင့်တိုးကျယ် ရွတ်ပြတယ်။ သဘောကတော့ ဗိုက်တဖြည်းဖြည်း ကြီးလာတယ်ပေါ့။ ကောင်းတုန်းက ပြောခဲ့သလို

`မွေးထားရင် ကျွေးထားရမှာပဲ´ ပေါ့။ အခု ကိုဘကောင်း စကားမပြောနိုင် ကိုယ်တစ်ခြမ်းသေ လူစဉ်မမီ ဖြစ်နေတော့ကော နောင်တရမယ် ထင်သလား။ ကိုဘကောင်းကတော့ အေးဆေးပဲ။ အမေကဆေးကုပေး ထမင်း လက်ဖက်ရည် အချိန်မှန်ကျွေး ရေချိုးတာက အစ အမေပါမှ။

ညီမတွေကကော ဆေးကုလို့ ကုန်ကျစရိတ် မှန်သမျှ မညည်းမညူပေး ကိုဘကောင်း လေဖြတ်တဲ့ အဖြစ်မှာ ပင်ပန်းတာက အမေနဲ့ ညီမတွေ။ ဘယ်သူ့ကိုမှ မစာနာတဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ အတ္တသမား ကိုဘကောင်းက အရက်သောက်တုန်း။ ဘယ်သူကမှ အရက်ဝယ်မပေးတော့ သူကိုယ်တိုင် ဘုံဆိုင်သွားတယ်။ ကောင်းတဲ့လက်နဲ့ မကောင်းတဲ့ ခြေလက်တွေကို စုန်ဆန်သပ်ပြပြီး….

`ကျွန်တော်…. ဆေး´ တဲ့။

ဘုံဆိုင်ပိုင်ရှင်ကလည်း သြော်.. ဆေးဖော်ဖို့ လာဝယ်တာပဲပေါ့လေ။ အဲသလို ဥာဏ်များတဲ့ ကိုဘကောင်းပါ။

အခုအချိန်မှာ ကိုဘကောင်း ခန္ဓကိုယ်က အရက်ကို လက်မခံတော့ဘူး။ ချက်ချင်းတုံ့ပြန်တာ။ သောက်ပြီးရင် မကြာဘူး တက်တာပဲ။ တက်ပြီဟေ့ဆိုရင် ရပ်နေရာက ဗိုင်းခနဲ လဲသွားတာ။ အဲလိုဖြစ်ပြီဆိုရင်လည်း ပြေးပေဦးတော့ ဆေးရုံကို။

မိုးကလေးများ အေးလာပြီဆိုရင် ဒါမှမဟုတ် အရက်သမား ပေါင်းဟောင်း သင်းဟောင်းကလေးတွေကများ အရက်သောက်ပြီး သတင်းမေး လာခဲ့ပြီဆိုရင် ကိုဘကောင်း ဖောက်ဖောက်လာတာပဲ။

`မင်းက ခွေးလိုကောင်၊ အနံ့ကလေး ရတာနဲ့ ပျာယာခတ်နေတော့တာ´ ဘယ်လိုပဲ နာအောင် ပြောပြော ကိုဘကောင်းက မမှုတော့ဘူး။

`လေဖြတ်တဲ့လူဆိုတာ သွေးကြောပိတ်လို့ ဖြတ်တာ။ သွေးလေညီညွတ်အောင် အရက်ကလေးနည်း နည်းဖြစ်ဖြစ် သောက်ပေး ရတယ်´
အဲဒီလိုများ အချွန်နဲ့ မတဲ့ လူမမာ သတင်းမေးတွေ လာပြီဆိုရင် မျက်လုံးကြီးပြူးလို့ `အေးအေး´ ဆိုပြီး ၀မ်းခေါင်းသံကြီးနြ့ ၀မ်းသာအားရ ထောက်ခံတော့တာပဲ။
မိုးတွေရွာတဲ့ တစ်နေ့ ရာသီဥတုကလည်း ကိုဘကောင်းဘက် ပါတဲ့နေ့မျိုးပေါ့။ ညနေပိုင်းလောက်ကတည်းက သောက်တဲ့အရက် ညဦးပိုင်းအထိ မနားတမ်းပဲ။

ဘုရားရှိခိုးနေတဲ့ အမေကို ခေါ်ပြီး အရက်နဲ့ မြည်းသေးတာ။ ကောင်းတဲ့ လက်တစ်ဖက်နဲ့ ဗိုက်ရှေ့ဝိုင်းပြ အမေ့မျက်နှာရှေ့ လက်ညှိုးတထောင်ထောင်နဲ့ ပါးစပ်ကလည်း ထုံးစံအတိုင်း `စေတော့… စေတော့… စေတော့… စေတော့… စေတော့´ ပေါ့။

အမေမွေးလာလို့ သူ ဒုက္ခရောက်ရတယ်ပေါ့လေ။

သူသောက်လို့ ၀တော့ အိပ်ရာထဲဝင် အမေက စောင်ခြုံ ခြင်ထောင်ချ မီးမှိတ်ပေးပြီးမှ သူ့အခန်းထဲ က ပြန်ထွက်လာခဲ့တယ်။
အမေသိတာ ဒါပဲ။
မနက်မိုးလင်းတော့ မိုးကလည်း သည်းကြီးမည်းကြီး ရွာတုန်း။ ခြံထောင့် အိမ်သာရှေ့မှာ ကွေးကွေးကလေး လဲနေတဲ့ ကိုဘကောင်းကို တွေ့ရတော့တာပဲ။ လက်တွေကလည်း ကောက်ကွေးတွန့်လိမ်လို့။ ပါးစပ်က အမြှုပ်တွေ ထနေလိုက်တာ မြင်မကောင်း၊ ရှုမကောင်း။ အသားတွေ အေးစက်နေတဲ့ ကိုဘကောင်းကို ဆေးရုံအမြန် ပို့လိုက်ကြတယ်။
အခုတော့ မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေလို့လည်း မအော်နိုင်တော့ဘူး။ ဗိုက်ရှေ့လည်း လက်နဲ့ ၀ိုင်းဝိုင်း မပြနိုင်တော့ဘူး။
`မင်းငယ်ငယ်တုန်းက အမေမြှူလို့များ မင်းက ရယ်ရယ်ပြရင် အမေ့မှာ ၀မ်းသာလွန်းလို့၊ ပျော်လွန်းလို့၊ မင်းမျက်နှာပဲ ထိုင်ထိုင်ကြည့်နေမိတယ်။ အချိန်ကုန်လို့ ကုန်မှန်း မသိဘူး။ မင်းအဘွားကဆို `မခင်အေး ရူးပုံကတော့ လွန်ပါတယ်´ နဲ့ ခဏ ခဏပြောတာ။ သုံးလသားလောက်နဲ့ သိတတ်လွန်းလို့ လူဝင်စားလား ထင်ခဲ့မိတယ်။
အမေကများ `ဘယ်သူလဲ ဘယ်ကလာသလဲ´ မေးရင် မင်းက ပြန်ပြီး ၀ူးဝါးနဲ့ ပြောသေးတာ။
အခုအမေမေးရင် မင်းမဖြေနိုင်တော့ဘူး။ `ဘယ်သွားမလဲ အခု မင်းဘယ်သွားမလဲ ဖြေပါဦး သားကြီးရယ်´ အမေကတော့ `ဘယ်သွားမလဲ´ လို့ တတွတ်တွတ်မေးရင်း သားအလိမ္မာတုံးကြီးအတွက် ငိုလို့ကောင်းတုန်းပေါ့။
………
အဖြူရောင် 
ရွှေအမြုတေမဂ္ဂဇင်း အောက်တိုဘာ ၂၀၀၇